သတင်းဆိုးတွေတောင် အချိန်တစ်ခဏအတွင်း ပျံ့နိုင်တယ်ဆိုရင် ဒီလိုလူသားဆန်မှုကို ဖော်ပြနေတဲ့ အကြောင်းက ပိုလို့တောင် ပျံ့သင့်ပါသေးတယ်။ အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနားတောင်ပိုင်းက ဖြစ်ရပ်လေးတစ်ခုပါ။
အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးက စားသောက်ဆိုင် တစ်ဆိုင်မှာ အစားအသောက် တောင်းရမ်းနေခဲ့ပြီး အခြေအနေကို သဘောမကျတဲ့ စားသုံးသူဧည့်သည်တစ်ဦးက ရဲကို လှမ်းအကြောင်းကြားကာ အိမ်ခြေမဲ့ကို လာအရေးယူခိုင်းခဲ့ပါတယ်။ စားသောက်ဆိုင်ကတော့ အဆိုပါ အိမ်ခြေမဲ့အမျိုးသားနဲ့ ပတ်သက်လို့ ပြဿနာမရှိတဲ့အပြင် အစားအသောက်လည်း ကျွေးနေကျ ဖြစ်ပုံပေါ်ပါတယ်။ ဒါပေမယ့် Customer is always right ဆိုတဲ့အတိုင်း စားသုံးသူက ရဲကိုလှမ်းတိုင်တာတော့ မတားနိုင်ခဲ့ပါဘူး။

ရဲကတော့ လှမ်းအခေါ်ခံရလို့ ရောက်တော့ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သနားစရာ အိမ်ခြေမဲ့ကို ဖမ်းရမယ့်အစား ရဲသားဟာ စားသောက်ဆိုင်က စားကောင်းသောက်ဖွယ်တွေကို ဝယ်ကျွေးခဲ့တာပါ။ ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆမ်းမားကတော့ ရဲသားကြီးရဲ့ လုပ်ရပ်ကို အံ့သြလွန်းလို့ ဗီဒီယိုထုတ်ရိုက်ခဲ့ပါတယ်။ သူမက ဗီဒီယိုကို “ရဲသားက အခြေအနေကို ကောင်းစွာ ကိုင်တွယ်သွားခဲ့တယ်” လို့ ရေးပြီး Facebook မှာ တင်ခဲ့ပါတယ်။

တကယ်တော့ အိမ်ခြေမဲ့အမျိုးသားဟာ ဒေါ်နယ်လို့ အမည်ရတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း နောက်တော့ သိသွားခဲ့ကြပါတယ်။ သူဟာ တပ်ကထွက်ပြီးနောက် ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီး စီးပွားရေးကျဆင်းကာ အိမ်ခြေယာမဲ့ဘဝကို ရောက်ခဲ့ရသူပါ။ ဒေသခံတွေကလည်း သူ့ကို စိတ်ထားကောင်းသူတစ်ဦးဖြစ်ကြောင်း ပြောပြကြပါတယ်။ ဆိုင်ဝန်ထမ်း ဆမ်းမားရဲ့ အဆိုပါဖြစ်ရပ်ဗီဒီယိုပို့စ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး ရဲသားကြီးကိုလည်း ဝိုင်းချီးကျူးခဲ့ကြပါတယ်။ အခုလို လူသားအချင်းချင်း စာနာထောက်ထားမှုကို တွေ့ရတာ ဝမ်းသာကြည်နူးစရာပါပဲ။
Posted by Victoria Paige Summer on Saturday, May 26, 2018
White (Shwemom)
Ref: Lad Bible, Independent UK