တကယ်တမ်း ဘဝမှာအောင်မြင်မှုရဖို့ဆိုတာ မလွယ်ပါဘူး။ စိတ်ပါကိုယ်ပါ အများကြီးပေးဆပ်အနစ်နာခံရပါတယ်။ နဂိုတည်းက ငွေဇွန်းကိုက်မွေးလာသူတွေအတွက်တော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကံကြမ္မာမှာပါပြီးဖြစ်ပေမယ့် သာမန်လူတွေအဖို့ ချမ်းသာဖို့ဆိုတာ ကိုယ်တိုင်လုပ်ယူရတာပါ။ အခုဖော်ပြပေးမှာကတော့ လူငယ်တွေအတွက် အားကျအတုယူစရာကောင်းတဲ့ နာမည်ကျော်အားကစားအဖွဲ့အစည်း One Championship ကိုတည်ထောင်သူ Chatri Sityodtong အကြောင်းပဲဖြစ်ပါတယ်။
Sityodtong ဟာ ထိုင်းဂျပန်ကပြားတစ်ဦးပါ။ သူ့ဘဝမှာအောင်မြင်ခဲ့တာမှန်သမျှက ကံကြောင့်ချည်းသက်သက်မဟုတ်ပါဘူး။ သူ့ကြိုးစားအားထုတ်မှုတွေအများကြီးပါပါတယ်။ အခုဆို Sityodtong ဟာ အာရှရဲ့အကြီးဆုံးအားကစားမီဒီယာ၊ အာရှတစ်ခွင် အထင်ကရမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့် Mixed Martial Arts (MMA) ပွဲတွေကို ကျင်းပပေးနေတဲ့ One Championship ရဲ့ စီအီးအိုဖြစ်နေပါပြီ။
Sityodtong က လက်ရှိမှာ အသက်၄၉နှစ်ရှိပါပြီ။ Sityodtong ငယ်ငယ်တုန်းက ဘန်ကောက်မှာနေပြီး မိဘတွေကလည်း စီးပွားရေးချောင်လည်ပါတယ်။ ဒါပေမဲ့ အာရှစီးပွားပျက်ကပ်ဖြစ်တော့ သူ့မိဘတွေက စီးပွားပျက်သွားပါတယ်။ အိမ်ရောကားရောရောင်းလိုက်ရပါတယ်။ သူ့အဖေကလည်း သူတို့သားအမိနှစ်ယောက်ကိုပစ်ပြီး အိမ်ကနေထွက်သွားပါတယ်။ ငယ်ငယ်တုန်းကတော့ ပိုက်ဆံမရှိ အလုပ်မရှိနဲ့ အရမ်းကြပ်တည်းခဲ့တာပါ။
သူ အသက်၁၈နှစ်ရောက်တော့ မိခင်ဖြစ်သူက Harvard Business School မှာ ကျောင်းသွားတက်ဖို့တိုက်တွန်းပါတယ်။ အသက်၂၀မှာတော့ ကြွေးယူပြီး အမေရိကားမှာ စာသင်ဖို့ဆုံးဖြတ်ပြီးတော့ ခရီးဆောင်သေတ္တာတစ်လုံးနဲ့ သူထွက်လာခဲ့ပါတယ်။
“ကျွန်တော့်မိဘတွေဆင်းရဲတာ ကျွန်တော်သိပ်ရှက်တယ်။ ဒါကြောင့် ဒါကိုဘယ်သူ့မှမပြောဘူး။ တစ်နေ့ကို ထမင်းတစ်နပ်ပဲစားနိုင်တာ လူတွေကိုပြောပြစရာမှမဟုတ်တာ။ အထူးသဖြင့် ဟားဗက်မှာပေါ့။” လို့ Sityodtong က ဆိုပါတယ်။ ဟားဗက်ရောက်တော့ ထောက်ပံ့ကြေးရတဲ့ ၁၀ဒေါ်လာကို ထိုင်းနိုင်ငံမှာရှိတဲ့ သူ့အမေဆီပို့ပြီး သူကတော့တစ်နေ့ ၄ဒေါ်လာနဲ့နေထိုင်စားသောက်ခဲ့ပါတယ်။ Sityodtong ဟာ အပိုဝင်ငွေအတွက် အလုပ်မျိုးစုံလုပ်ခဲ့ပါတယ်။ ဥပမာ မွေ့ထိုင်းသင်ပေးတာ၊ စာပြန်သင်ပေးတာတွေလုပ်ခဲ့ပါတယ်။
၁၉၉၉ခုနှစ် ဘွဲ့ရပြီးတဲ့အခါမှာတော့ Sityodtong က သူ့အတန်းဖော်အနည်းငယ်နဲ့အတူ NextDoor Networks လို့ခေါ်တဲ့ နည်းပညာလုပ်ငန်းတစ်ခုကိုလုပ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ သူက နယူးယောက်ကိုပြောင်းသွားပြီး ရင်းနှီးမြှုပ်နှံရေးပိုင်းမန်နေဂျာအနေနဲ့ အလုပ်လုပ်ခဲ့ရာမှာ ဝင်ငွေသန်းနဲ့ချီပြီး ကြွယ်ဝလာခဲ့တာပါ။ ၁၀နှစ်လောက်ကြာတဲ့အခါမှာတော့ Sityodtong ဟာ သူ့ရဲ့Wallstreet လုပ်ငန်းကနေ အနားယူခဲ့ပြီး သူတစ်သက်လုံး ဝါသနာပါခဲ့တဲ့ မွေ့ထိုင်းဘက်ကိုကူးပြောင်းခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း ငယ်စဉ်ကတည်းက မွေ့ထိုင်းကစားလာတဲ့ တိုက်ခိုက်ရေးပညာရှင်တစ်ဦးဖြစ်ပါတယ်။
၂၀၀၉ခုနှစ်မှာတော့ Sityodtong က အာရှဘက်ကိုပြန်ရောက်နေပါပြီ။ ပြီးတဲ့နောက် စင်္ကာပူနိုင်ငံမှာ MMA အဖွဲ့အစည်းကြီးကိုတည်ထောင်ခဲ့ပါတယ်။ နောက်ထပ် ၂နှစ်အကြာမှာ သူနဲ့ ESPN Sports ရဲ့ စီနီယာအလုပ်အမှုဆောင် Victor Cui တို့ပူးပေါင်းပြီး mixed martial arts (MMA), Muay Thai နဲ့ kick-boxingပြိုင်ပွဲတွေအတွက် စင်္ကာပူအခြေစိုက် One Championship ကိုတည်ထောင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။ အခုကတော့ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားပြီး One Championship ကိုမွေးထုတ်ပေးခဲ့တဲ့ Sityodtong အကြောင်းကို scmp သတင်းစာမျက်နှာကနေ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။
ShweMom