ကိုယ့်ကို လူတွေဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်ဘဲဘယ်လိုနေရမလဲ

သူတစ်ပါးရဲ့ ထင်မြင် ယူဆချက်တွေကို ဂရုစိုက်လွန်းအားကြီးတာဟာ မိမိကိုယ်ကိုယုံကြည်မှု ကျဆင်းစေပြီး စိတ်မချမ်းမသာဖြစ်စေပါတယ်။ ဒါပေမယ့် လူတွေရဲ့ အတွေးအမြင်တွေကို ဂရုမစိုက်ဘဲ သင်ဘယ်လိုနေနိုင်မှာလဲ။ ပျော်ရွှင်ကျေနပ်စရာကောင်းပြီး စိတ်ညစ်ညူးမှုတွေကနေ ကင်းဝေးဖို့အတွက် အောက်မှာ ပြောပြထားတဲ့ အချက် ၁၂ ချက် ကို လက်တွေ့ ကျင့်သုံး ကြည့်ကြရအောင်။

သင်ဘယ်လို နေနေ လူတွေက သင့်ကို အကဲဖြတ်ကြလိမ့်မယ်ဆိုတာ အမှတ်ရပါ။

လူတစ်ယောက်နဲ့ တစ်ယောက်အကဲဖြတ်ဝေဖန်တယ်ဆိုတာဟာ သဘာဝပါ။ ကျွန်မတို့ကိုယ်တိုင် သတိမထားမိပဲနဲ့တောင်  အမြဲတမ်းလုပ်ဖြစ်နေကြတာပါ။ ပထမဆုံး အချက်အနေနဲ့ကတော့ လုံးဝကို ဂရုမစိုက်ဖို့ပါပဲ။ သင်သိထားရမှာက သင့်နားမှာ ရှိနေကြသူတွေ အားလုံးဟာ ဘယ်လိုနည်းနဲ့ကို မဆိုဝေဖန်မှာပါပဲ။ ဒီအတွက် သင်ဟာဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ပုံပန်းကို ဝေဖန်မလား၊ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အတိတ်အကြောင်းတွေ၊ သေးသေးဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် တစ်နေ့တာမှာ တခုခုတော့ သူတို့ဝေဖန်မှာပါပဲ။

တစ်စုံတစ်ယောက်က မကြိုက်ဘူးပြောနေပါစေ၊ ကိုယ်လုပ်စရာရှိတာသာ လုပ်ပါ။

ကျွန်မတို့ကို မကြိုက်တဲ့သူဆိုတာ အမှားအယွင်းတစ်ခုခု မလုပ်တာတောင်မှ အမြဲတမ်းရှိနေမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သင်ဟာသင်ဖြစ်နေလို့ပါ။ သင့်အသံကို မကြိုက်တာတို့၊ သင်က အရမ်းပေါတောတော လုပ်တတ်လို့ဆိုတာတွေ၊ ဒါမှမဟုတ် သင့်ဆံပင်အရောင်က သူတို့ အကြိုက်မဟုတ်တာတို့ စသဖြင့်တခုခုပေါ့။ ဒါကြောင့်ဘာအတွက်ပဲဖြစ်ဖြစ် သင်အကောင်းဆုံးလုပ်နိုင်တာက ရှေ့ဆက်သွားဖို့ပါပဲ။ သူတို့ သင့်ကို မကြိုက်ဘူး၊ သင်လဲ ဘာမှမတတ်နိုင်ဘူး၊ ပြီးတော့ သူတို့ဟာ သင့်ရဲ့အချိန်နဲ့ စွမ်းအင်အကုန်ခံဖို့ မထိုက်တန်ပါဘူး။ နောက်တဆင့်(၃)ကို သွားကြည့်ရအောင်။

သင့်ကို ချစ်ခင်နှစ်သက်တဲ့ သူတွေနဲ့ ခြံရံပါ။

သင့်ကို အရှိအတိုင်းလက်ခံနှစ်သက်သူတွေနဲ့ ၀န်းရံထားပါ။ သူတို့ရှိနေတဲ့အတွက် တစ်စုံတစ်ယောက်က သင်စိတ်မချမ်းသာအောင် တခုခုပြောတဲ့အခါမှာ သင်သိပ်ခံစားရမှာ မဟုတ်ပါဘူး။ သင့်ကို ဖြိုချဖျက်စီးသူတွေနဲ့ အတူနေမယ့်အစား သင့်ကို မြှင့်တင်ပေးမယ့် လူများနဲ့ ရှိနေတာပိုကောင်းပါတယ်။ သေချာတာက သင့်ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးမယ့်အပြင် မကောင်းမြင်စိတ်ထား ပပျောက်ပြီးဘ၀ရဲ့ကြည်နူးပျော်ရွှင်ဖွယ်ရာများ အပေါ်မှာ ပိုအာရုံစိုက်နိုင်လာပါလိမ့်မယ်။

မိသားစု၊ သူငယ်ချင်းတွေကို ဖွင့်ပြောပါ။

ကိုယ့်ကိုချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ နေရတဲ့အခါမှာ စိတ်ပျော်ရွှင်မှုရတဲ့ အပြင် နောက်ထပ်အကြောင်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ သင်ကြုံတွေ့နေရတဲ့ ပြသနာတွေ စိတ်မလုံခြုံတာ၊ ခံစားရတာတွေကို သိုသိုသိပ်သိပ်ပြောပြနိုင်မှာဖြစ်ပါတယ်။

တကယ်လို့များ သင်က လူတွေဝေဖန်အကဲဖြတ်တာနဲ့ ပတ်သတ်လို့ ပြင်းပြင်းထန်ထန်ထိနေရတယ်ဆိုပါစို့။ ဒီအကြောင်းကို မိသားစုဝင်တစ်ဦးဦး သို့မဟုတ် သူငယ်ချင်းတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပြနိုင်ပါတယ်။ အဲဒီလူက သင့်ကိုသေချာပေါက် အကြံကောင်းတွေပေးမှာဖြစ်ပြီး တခြားလူတွေပြောတာ ဂရုမစိုက်ဖို့ သတိပေးပါလိမ့်မယ်။ ပြီးတော့လည်း သင့်ဘ၀နဲ့ ပတ်သတ်ပြီး အကောင်းမြင်ဖို့ အားပေးစကားတွေလည်း ပြောကောင်းပြောနိုင်ပါလိမ့်မယ်။

အတိတ်ကိုပြန်ပြင်လို့ မရမှန်း အမှတ်ရပါ။

လူတွေနှစ်နှစ်သက်သက် အပြောများတာက သူများတွေရဲ့ အတိတ်အကြောင်းတွေပါ။ ဒါပေမယ့် ဒီအတိတ်အကြောင်းနဲ့ ပတ်သတ်ပြီး သင်က ဘာလုပ်နိုင်မှာမို့လို့လဲ။  ကျွန်မတို့ဟာဘ၀မှာ အမှားများစွာကို လုပ်ဖူးကြပါတယ်။ ပြဿနာသေးတာရော ကြီးတာပါလုပ်ဖူးကြတာပါ။ ဒါပေမယ့် တစ်နေ့တာ ကုန်တဲ့ အခါမှာတော့ ကျွန်မတို့အားလုံးတူညီတဲ့ အချက်တစ်ချက် ကျန်ပါတယ်။ အဲဒါက ကျွန်မတို့အတွက် ဂုဏ်မယူနိုင်တဲ့ အတိတ်က ဖြစ်ရပ် တစိတ်တဒေသပါ။

အကယ်လို့ တစ်ယောက်ယောက်ကများ ကျွန်မတို့ အတိတ်အကြောင်းကို ဝေဖန်လာခဲ့ရင် ဒါဟာပြောင်းလဲလို့ မရနိုင်မှန်း သဘောပေါက်နားလည်ဖို့ လိုပါတယ်။ အတိတ်ဆိုတာဟာ ပြုပြင်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်ကိုတော့ ပိုမိုကောင်းမွန်တောက်ပလာအောင် သေချာပေါက်လုပ်ယူနိုင်ပါတယ်။ သင့်အတိတ်နဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက်ကများ သင့်ကို ပြိုလဲအောင် လုပ်ဖို့ ကြိုးစားခဲ့ရင် ထားလိုက်ပါတော့။ ပြီးခဲ့တာတွေကို ကျော်သွားကြရအောင်။

READ
အဲကွန်းခန်းထဲမှာအိပ်သူတွေက ဖိအားတွေကိုပိုပြီးလျော့ကျစေတယ်လို့ဆို

လူတွေရဲ့ အကဲဖြတ်မှုတွေ ထင်မြင်သုံးသပ်ချက်တွေကို မတုံ့ပြန်ပါနဲ့

တခြားလူတွေပြောသမျှ ထင်မြင်သမျှကို တုံ့ပြန်နေစဉ်တိုင်းမှာ သင်ဟာ မိမိကိုယ်ကို ယုံကြည်မှု နည်းနေကြောင်း သိသာစေပါတယ်။ ပြောတဲ့သူတွေကတော့ ဂရုပြုမှာတောင် မဟုတ်ပါဘူး။ ဒီတော့ သင်ကတုံ့ပြန်မနေပဲ ဒီအတိုင်းထားလိုက်ပါ။ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့။ သူတို့အတွက် ကိုယ့်ရဲ့ အချိန်နဲ့အင်အားကို ဖြုန်းဖို့ မလိုအပ်ဘူးဆိုတာ ပြနိုင်ပါတယ်။ ပြီးတော့ ဘယ်သူက ဘယ်လို ထင်ပါစေ ကိုယ်ကိုတိုင်က ပျော်ရွှင်မှုရဖို့ အတွက်ပါ။

မကောင်းမြင်သူတွေနားမှာ မနေပါနဲ့

အထက်က ဖော်ပြထားသလိုပဲ သင့်ကို အကဲမဖြတ်ပဲနဲ့ ချစ်ပေးနိုင်သူတွေနဲ့ပဲ နေနိုင်ဖို့ပေါ့။ အကယ်လို့ တစ်ယောက်ယောက်ကများ အပြုသဘောမဆောင်စွာနဲ့ အကဲဖြတ်ပြီး သင့်မှာလည်း ဆိုးကျိုးတွေပဲ ရလာမယ်ဆိုရင် ကိုယ့်ဘ၀ထဲကပါ အပြီးအပိုင်ထုတ်ပစ်လိုက်ပါ။ သူများဘယ်လိုထင်မလဲ ဂရုမစိုက်ပဲနဲ့ မိမိဘ၀အတွက် အဆိပ်အတောက်ဖြစ်စေမယ့် လူတွေကိုဖယ်ထုတ်တယ်ဆိုတာ လွယ်ကူတဲ့ နည်းလမ်းပါ။ ကိုယ်နဲ့အနီးစပ်ဆုံးသူငယ်ချင်းတွေနဲ့ မိသားစုတွေဆီကနေ ကျေနပ်မှု၊ ယုံကြည်မှု တွေနဲ့ အတူ ဘ၀ဟာကျေနပ်ဖွယ်ကောင်းလာပါလိမ့်မယ်။ သင့်ပုခုံးပေါ်ကို ကြီးမားတဲ့ အလေးတစ်ခုခု မတင်ထားပြီးတော့ အဲဒီအလေးကို လွှတ်ချလိုက်တဲ့ အခါမှာဘ၀ဟာနေပျော်စရာကောင်းတာကို ၀မ်းမြောက်ဖွယ်တွေ့ရမှာပါ။

မိမိကိုယ်တိုင်က လုံးဝပြီးပြည့်စုံနေတဲ့သူ မဟုတ်တာကို နားလည်ပါ။

ကျွန်မတို့ကို တခြားလူတွေက အကဲမဖြတ်သင့်ဘူးလို့ထင်နေတာဟာ တကယ်တော့အဓိပ္ပါယ်မရှိတာပါ။ ကျွန်မတို့ အားလုံးသဘောတူနိုင်ကြတဲ့ အဆိုတစ်ခုကတော့ ပြီးပြည့်စုံနေတဲ့သူဆိုတာ တစ်ယောက်မှ မရှိဘူးဆိုတာပါ။ ဒီထဲမှာ သင်လည်း ပါပါတယ်။ အစစအရာရာ ပြီးပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေရင်းနဲ့ သင့်ကို ဝေဖန် အကဲဖြတ်ပေးမယ့်လူ တစ်ယောက်မှ မရှိဘူးဆိုတာဟာ ပျက်စီးယိုယွင်းခြင်းရဲ့ လမ်းစပါ။ သင်ဟာပြီးပြည့်စုံတဲ့သူမဟုတ်ဘူးဆိုတာ အခုပဲ သိနားလည်ထားလို်က်ပါ။ သင်ဟာ ဘယ်တော့မှမပြည့်စုံခဲ့သလို ဘယ်တော့မှလည်း ပြည့်စုံလာမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကို သဘောပေါက်ထားရင် ဘာဖြစ်လို့ တခြားလူတွေက သင်မကြိုက်တာတောင်မှ ဘာကြောင့်သင့်ကို ဝေဖန်ကြသလဲဆိုတာ နားလည်လာမှာပါ။

ယုံကြည်ချက်ရယူပါ။

ယုံကြည်မှုရှိတဲ့ လူတိုင်းဟာ သူတို့ကို တခြားလူတွေ ဘယ်လိုထင်မယ်ဆိုတာကို ဂရုမစိုက်ကြပါဘူး။ ရိုးရှင်းပါတယ်။ ဒါပေမယ့် မိမိကိုယ်တိုင်က ယုံကြည်မှု ကင်းမဲ့သူဖြစ်နေခဲ့ရင် တစ်ယောက်ယောက်ကများ စကားလုံးတစ်ခုခုပြောလိုက်တာနဲ့ သင့်ကို အကြီးအကျယ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မှာပါ။ ဒါ့အပြင် မိမိကိုယ်တိုင်က ယုံကြည်မှုမရှိတဲ့ အခါမှာ သူတို့ က ကိုယ့်ကို မကောင်းပြောတာမဟုတ်ပါပဲနဲ့ မကောင်းပြောတယ်လို့ တွေးထင်စေနိုင်ပါတယ်။

ဒီအတွက်ကြောင့် မိမိမှာ လစ်ဟင်းနေတဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ။

နေ့စဉ်နေ့တိုင်း မှန်ရှေ့မှာ မိမိကိုယ်ကိုကောင်းတာလေးတစ်ခုလောက်ပြောပေးပါ။ မိမိမြင်နိုင်မယ့် နေရာလိုမျိုးမှာ မိမိကိုယ်ရဲ့ ကောင်းတဲ့ အချက်လေးတွေရေးပြီး မကြာခဏဖတ်ပေးပါ။ နေ့တိုင်း မိမိကိုယ်ကိုအပြုသဘောဆောင်တဲ့ဝေဖန်ချက်တွေကို ရေးတဲ့အခါမှာ မကြာခင် ကိုယ့်ကိုကိုယ်ချစ်ရမယ့် အကြောင်းရင်းတော်တော်များများကို တွေ့လာပါလိမ့်မယ်။ သင့်မှာ ကိုယ့်ကိုကိုယ်စိတ်ပျက်စေမယ့် အကြောင်းမျိုး မရှိတော့ပါဘူး။

ပြောင်းလဲဖို့လိုအပ်တယ်လို့ ခံစားရတဲ့အရာတွေကို လုပ်ပါ။ သင်ဟာကမ္ဘာပေါ်မှာ အကောင်းဆုံးသူငယ်ချင်းမဖြစ်ရင်တောင် အမှတ်တိုးဖို့အတွက် စာပိုလုပ်တာတို့၊ စားသောက်နေထိုင်ပုံတွေကို ပြောင်းလဲတာတွေကို လုပ်နိုင်ပါတယ်။ မိမိက ပြောင်းလဲဖို့ လိုအပ်တယ်လို့ ထင်တဲ့ အရာတွေ အတွက်စပြီး ပြောင်းလဲကြည့်ပါ။ အဲဒါဆိုရင် သင့်ကိုသင်ပိုကောင်းလာတယ်ဆိုတာ ခံစားမိမှာပါ။

READ
ဒီလိုအစားအသောက်တွေနဲ့ မျက်ကွင်းမညိုအောင် ကာကွယ်ကြမယ်…

့သူငယ်ချင်းတွေပါဝင်တဲ့ ပျော်ရွှင်စရာကောင်းတဲ့လှုပ်ရှားမှုတွေနဲ့အတူ့ စိတ်ကို နေရာမလပ်ထားပါ။ ပျော်ရွှင်မှုရှိခြင်း၊ ဘ၀ကို ကျေနပ်ခြင်း၊ မကြာမကြာ ရယ်မောပေးခြင်းတို့ဟာ မိမိကိုယ်ကို စိတ်ချမ်းသာမှု အပြည့်အ၀ရစေမယ့်နည်းလမ်းတွေပါ။ အပြင်ကို ထွက်ပြီး ဘ၀ကိုခံစားပျော်ရွှင်ပါ။ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့နေတာနဲ့ တခြားသူတွေရဲ့ အမြင်တွေကို စိုးရိမ်ဖို့အတွက် ကွှန်မတို့အချိန်မလောက်ပါဘူး။

တတ်နိုင်သလောက် အသစ်အဆန်းတစ်ခုခု ကြိုးစားကြည့်ပါ။ အကယ်လို့  သင်တန်းအသစ်တစ်ခုတက်ချင်တာပဲဖြစ်ဖြစ် စွမ်းရည် အသစ်တစ်ခုခု ဆည်းပူးချင်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဘ၀မှာအောင်မြင်လာတာနဲ့ အမျှ မိမိရဲ့ ယုံကြည်မှုကလည်း အတိုင်းအတာတစ်ခုထိ တာသွားမှာပါ။ ဒါ့ကြောင့် အသစ်အသစ်တွေကို ဆန္ဒပြင်းပြင်းပျပျနဲ့ ကြိုးစားပြုလုပ်ပါ။

ဘ၀ဆိုတာ ရှေ့ကိုပဲသွားနေတာ သိပါစေ။

အကယ်၍တစ်ယောက်ယောက်က သင့်ကို မကြိုက်ဘူးဆိုရင် သင်ရဲ့ အသေးအမွှား ကိစ္စလေးတွေကိုဝေဖန်အကဲဖြတ်တာပါ။သင့်ရဲ့ အတိတ်ကို ဝေဖန်တာပါ။ ဒါပေမယ့်လည်း နေ့တနေ့ပြီးသွားတဲ့ အခါမှာ သူတို့ဘာထင်ထင် ဘ၀ဟာ ဆက်သွားနေတာပါပဲ။ ဒါကြောင့် ပြောချင်တာသာ ပြောကြပါစေ။ သင်ဘာမှတတ်နိုင်တာ မဟုတ်တဲ့ အတွက်ကြောင့် စိတ်အရှုပ်ခံမနေပါနဲ့။

မိမိကိုယ်ကို အရမ်းအရေးပါတယ်ဆိုတဲ့ အတွေး မတွေးပါနဲ့။

တကယ်လို့ သင်ဟာ အမြဲတမ်းလိုလို လူတိုင်းက ငါ့ကိုပဲ အသေးအဖွဲက စ လိုက်ကြည့်ပြောနေတယ်လို့ ထင်နေသူ လူတွေထဲက တစ်ယောက်ဆိုရင်။ ဒီလိုအခါမျိုးမှာတော့ ပြဿနာရှိနိုင်ပါတယ်။ သင်ဟာ အမှန်တကယ်သင်ထင်နေတာထက်ပိုပြီး အရေးပါတယ်လို့ တွေးမိနေတာပါ။ တကယ်တမ်းတော့လည်း လူတွေဟာဒီလောက်တော့ မအားကြပါဘူး။  ကျွန်မတို့ အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ ဘာပဲဖြစ်ဖြစ် အဝေဖန်ခံရမှာပါပဲ။ လူတွေက သူတို့ခေါင်းထဲမှာ ရှိနေကြတာက သင့်ရဲ့ အကြောင်းမကောင်းမြင်တာထက်စာရင် သူတို့ဘ၀အကြောင်းတွေက ပိုနေရာယူနေကြတာပါ။

မိမိကိုယ်ကို ရိုးရိုးသားသားမေးပါ။ ဘာလို့ သူများတွေ အထင်ကို ဂရုမစိုက်သင့်တာလဲ။

အခုအချိန်ဟာ သေချာထိုင်ပြီး စဉ်းစားရမယ့် အချိန်ပါ။ တကယ်လို့ တခြားလူတွေက သင့်ကို ဘယ်လိုမြင်မလဲဆိုတာ ဂရုမစိုက်ဖို့ သင်ယူချင်တယ်ဆိုရင် မိမိကိုယ်ကို ဒီမေးခွန်းတစ်ခုမေးဖို့ လိုပါလိမ့်မယ်။ ဘာကြောင့် တခြားလူတွေ အထင်အမြင်ကို ဂရုစိုက်ရမလဲ။ သင်က လူကောင်းတစ်ယောက် ၊ ပြီးတော့ ဘ၀မှာလဲ အကောင်းဆုံးတွေကို လုပ်ချင်တာ မဟုတ်လား။ ဒီအတွက် လမ်းတလျှောက်မှာ အမှားတွေလဲ လုပ်မိမှာပဲ။ ဒီအတွက် ဘာလို့ အထူးတလည် ဂရုစိုက်နေစရာလိုမလဲ။

သေသေချာချာ စဉ်းစားကြည့်ရင် လူတွေဘယ်လို စဉ်းစားတယ်ဆိုတာ ဂရုစိုက်စရာမဟုတ်ပါဘူး။ ကျွန်မတို့ကို ဂရုစိုက်ပေးတဲ့ နှစ်သက်ပေးတဲ့ လူတွေအပေါ်မှာ ထားရမယ့် အချိန်တွေ ၊ အင်အားတွေ၊ စိတ်ခံစားမှုတွေကို အလဟဿ မဖြုန်းတီးသင့်ပါဘူး။

သူတစ်ပါးရဲ့ အထင်အမြင်တွေကို ဂရုမစိုက်ဘူးဆိုတာက တကယ်တော့ထင်တာထက် ရိုးရှင်းပါတယ်။ မိမိကိုချစ်ခင် ဂရုစိုက်ပေးတဲ့လူတွေ အပေါ်မှာပဲ အချိန်နဲ့ စွမ်းအင်တွေကို မြုပ်နှံပေးပါ။ ယုံကြည်မှု ထူထောင်ပေးပါ။ ဝေဖန် အကဲဖြတ်တယ်ဆိုတာဟာ လူ့သဘာဝပဲလို့ နားလည်ပေးပါ။  ပြီးတော့ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုတာကို ပြောဖို့ သင်ယူထားပါ။

Ref: https://www.herinterest.com/how-to-not-care/

SHARE