မကြာသေးခင်က Kirs Jenner ဟာ WWD ရဲ့ Beauty Inc. နဲ့ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ အင်တာဗျူးမှာတော့ Kris Jenner က Keeping Up With the Kardashians (KUWTK) Reality show အဆုံးသတ်ရတာ ဆိုရှယ်မီဒီယာကြောင့်ပါဆိုပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ Kardashians မိသားစုဟာ ၂၀၂၁ခုနှစ်မှာ ၄င်းတို့ရဲ့final season အပိုင်း၂၀ထွက်မှာဖြစ်ပြီး ထို့နောက်မှာတော့ KUWTK ကိုအဆုံးသတ်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။
KUWTK ဟာ ၂၀၀၇ ခုနှစ်အောက်တိုဘာလမှာ ပထမဆုံးအကြိမ်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ ဒီအစီအစဉ်ကိုစစချင်းလုပ်တုန်းက instagram, snapchat နဲ့ အခြားဆိုရှယ်မီဒီယာပလတ်ဖောင်းတွေမပေါ်သေးဘူး။ အခုကျတော့ ကမ္ဘာကြီးကပြောင်းလဲလာပြီ။ လူတွေက seasonတစ်ပိုင်းကြည့်ရဖို့ သုံးလေးလစောင့်စရာမလိုတော့ဘူး။ ဘယ်သူ့ကိုမဆို ကျွန်မတို့ရဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီပြောပြနိုင်ပြီ။” လို့ Kris Jenner ကပြောပြခဲ့တာပါ။
ထို့နောက်မှာတော့ သူမက “ဆိုရှယ်မီဒီယာက ကျွန်မသမီးတွေရဲ့စီးပွားရေးအမျိုးမျိုးကိုကြေညာဖို့ အကောင်းဆုံးနည်းလမ်းပဲ။ အွန်လိုင်းပေါ်ကနေ သူတို့ပရိသတ်တွေနဲ့ တိုက်ရိုက်စကားပြောနိုင်တယ်။ ကျွန်မသမီးတွေ ဘာလုပ်နေတယ်။ ဘယ်လိုပစ္စည်းတွေကိုရောင်းနေတယ်ဆိုတာလည်း ပရိသတ်တွေ ချက်ချင်းသိနိုင်ပြီ။ တော်တော်လေးမြန်ဆန်ပါတယ်။” လို့ဆိုပါသေးတယ်။
Jenner ဟာ ပြီးခဲ့တဲ့စက်တင်ဘာတုန်းကလည်း KUWTK အစီအစဉ်ရပ်နားဖို့ဆုံးဖြတ်ရတဲ့အကြောင်း ထုတ်ဝေသူ Ryan Seacrest ဆီပြောခဲ့ပါတယ်။ “ကျွန်မကတော့ ကျွန်မတို့မိသားစုဝင်တွေအနေနဲ့ နည်းနည်းလေးအရှိန်လျှော့လိုက်ဖို့ တွေးတာပဲ။ အလုပ်အပေါ်မှာ အရှိန်လျှော့တာမဟုတ်ဘူးနော်။ နောက်ထပ် ခြေလှမ်းပေါ်မှာ အချိန်ယူပြီးတွေးဖို့ပြောတာပါ။ ကျွန်မတို့မိသားစုဟာ တော်တော်လေးခရီးပေါက်နေပြီ။ အားလုံးကလည်း ကြိုးစားနေကြပါတယ်။”
Kim Kardashian West ကလည်း Grazia နဲ့ အင်တာဗျူးမှာ အခုလို ရှင်းပြပါတယ်။ သူမကတော့ သူမတို့မိသားစုဟာ ဆယ်စုနှစ်တစ်ခုနီးနီး နေ့တိုင်းနီးပါးရိုက်ကူးရေးလုပ်နေရတာဖြစ်တဲ့အတွက် ပြန်လည်စုစည်းဖို့အခွင့်အရေးတစ်ခုလိုတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့က season 2 တောင် ရိုက်ကူးဖြစ်မယ်မထင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ season 20 အထိရောက်လာပြီ။ တစ်ခါတစ်လေတော့ ကျွန်မတို့ခဏအနားယူဖို့လိုတာပေါ့။ ရိုးရိုးလေးပါပဲ။ ကျွန်မတို့မိသားစုက ၁၄နှစ်နီးပါးလောက် မရပ်မနားကြိုးစားလာတာ။ အခုဆို ကျွန်မတို့ညီအစ်မတွေမှာ ကလေးတွေလည်းရှိလာပြီ။ ကလေးတွေက ကျွန်မတို့ကိုလိုအပ်တယ်။” လို့ သူမက ပြောပြခဲ့ပါသေးတယ်။
ShweMom