ဆာဖာရီထဲ အလည်လာသူတွေကို ဖက်လှဲတကင်း နှုတ်ဆက်လေ့ရှိတဲ့ ခြင်္သေ့မကြီး

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ သုံးနှစ်အရွယ်ခြင်္သေ့မကြီးတစ်ကောင်က လူတွေကိုရင်းရင်းနှီးနှီး နှုတ်ဆက်နေတဲ့ပုံတွေကို တွေ့ရမှာပါ။ ခြင်္သေ့မကြီးရဲ့ နာမည်ကတော့ လိုလာပါ။ လိုလာဟာ ဘေးအကာအရံတွေမပါတဲ့ ယာဉ်တစ်စီးပေါ်မှာ ထိုင်လိုက်ပြီး ဆာဖာရီထဲ အလည်လာတဲ့ အမျိုးသားတစ်ဦးကို ကြောင်လေးတစ်ကောင်လို ပွေ့ဖက်နမ်းရှုံ့နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လိုလာက ယာဉ်ပေါ်ပါလာတဲ့ ကလေးမလေးတစ်ဦးကို နမ်းဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် ကလေးမလေးရဲ့မိခင်ကတော့ စိတ်လှုပ်ရှားစွာနဲ့ သူမသမီးကို ဖက်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်(၅၀)အရွယ် ဥယျာဉ်ပိုင်ရှင် ခြင်္သေ့ထိန်းသမား အိုလက်ခ် ဇက်ကော့ဗ်က ခရီးသည်တွေ ထိတ်လန့်မှာစိုးလို့နဲ့တူပါတယ်။  ခြင်္သေ့မကြီးကို ဘာလက်နက်ကိရိယာမှ မပါပဲ လက်ဗလာနဲ့ ဆွဲခေါ်ထုတ်သွားခဲ့ပါတယ်။

လိုလာကို  ရုရှားက တိရစ္ဆာန်ရုံတစ်ရုံကနေ လွန်ခဲ့တဲ့(၂)နှစ်တုန်းက ခေါ်ဆောင်လာခဲ့တာပါ။ ဗီဒီယိုကိုတော့ ယူကရိန်းနိုင်ငံက Taigan ဆာဖာရီဥယျာဉ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဆာဖာရီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ တာရီယာနာကတော့ တကယ်လို့ ဥယျာဉ်ထဲ ကားလျှောက်မောင်းနေတုန်း ရင်ခွင်ထဲကို ခြင်္သေ့ကြီးတစ်ကောင်က ခုန်ဝင်လာတယ်ဆိုရင် ခြင်္သေ့ကြီးဟာ သေချာပေါက်လိုလာပဲလို့ ပြောပြခဲ့ပါတယ်။ လိုလာဟာ မကြာသေးခင်တုန်းကမှ လီလူအမည်ရှိတဲ့ ခြင်္သေ့မလေးတစ်ကောင်ကို မွေးခဲ့ပါသေးတယ်။

READ
Kardashians တွေရဲ့ထုံးစံအတိုင်း St Barthsမှာ Sexy ပုံတွေရိုက်ခဲ့တဲ့ Khloe Kardashian

“လိုလာက  ဆာဖာရီထဲဝင်လာတဲ့ ဘတ်စ်ကားတွေ ပေါ်တက်ပြီး ခရီးသွားတွေကို ဖက်နမ်းရတာ နှစ်သက်ပါတယ်။ ဒါပေမယ့် ခရီးသည်တွေကတော့ ကြောက်ကြတာပေါ့။ ခြင်္သေ့က အရမ်းယဉ်နေတာကိုး” လို့ တာရီယာနာက ဆိုပါသေးတယ်။ လိုလာဟာ ဥယျာဉ်ဆီ စရောက်တုန်းက ယခုလိုမဟုတ်ပဲ လူတွေအပေါ် ရိုင်းစိုင်းကြောင်းသိရပါတယ်။ နောက်ပိုင်းမှာတော့ ဇက်ကော့ဗ်က တဖြည်းဖြည်းနဲ့ ယဉ်ပါးအောင် လေ့ကျင့်ပေးတာကြောင့် ယခုလိုလူတွေအပေါ် တရင်းတနှီးဆက်ဆံလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE