လောကကြီးမှာ အတူနေလို့ မရတဲ့ သတ္တဝါတွေဆိုတာ ရှိပါတယ်။ ဥပမာ ကျားနဲ့ သမင်လိုပေါ့။ တွေ့တာနဲ့ တစ်ကောင်က တစ်ကောင်ရဲ့ အစာဖြစ်မှာဆိုတာ အားလုံးခန့်မှန်းပြီးသားကြပါတယ်။ ဒါဆို ခြင်္သေ့နဲ့ ဝက်ဝံ၊ ကျားနဲ့ ဝက်ဝံဆိုရင်ရော..? အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရဲ့ ဘေးမဲ့တောတစ်ခုမှာ အတူနေမယ်လို့ ထင်မထားလောက်တဲ့ ဒီလိုသတ္တဝါလေး သုံးကောင်ရဲ့ အံ့ဖွယ် ချစ်ခင်နီးစပ်မှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ် အတူပူးကပ်ပြီး နေကြတာပါ။

အမေရိကန် ဝက်ဝံမည်းလေးနာမည်က ဘလူးပါ၊ ခြင်္သေ့လေးကတော့ လီယိုလို့ခေါ်ပြီး ရှီယာခန်ကတော့ ဘင်္ဂလားကျားတစ်ကောင်ဖြစ်ပါတယ်။ သူတို့ ၃ ကောင်ကို (၂၀၀၁)ခုနှစ်တုန်းက အိမ်တစ်အိမ်ကို မူးယစ်ဆေး ရှောင်တခင် ဝင်စစ်ဆေးခဲ့စဉ် အိမ်မြေအောက်ခန်းမှာ ၃ ကောင်သားကို အတူတူ ရဲတွေက တွေ့ခဲ့ရတာဖြစ်ပါတယ်။ ခြင်္သေ့၊ ကျားနဲ့ ဝက်ဝံကို အတူနေနေတာကို တွေ့ရဖို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပါဘူး။ အဲဒီ့အချိန်တုန်းက သူတို့လေးတွေဟာ လသားအရွယ်တွေပဲ ရှိသေးပြီး မွေးစားခဲ့တာကတော့ Noah’s Ark ဘေးမဲ့တောက ဖြစ်ပါတယ်။

ခြင်္သေ့လေး လီယိုလည်း လှောင်အိမ်ကျဉ်းကျဉ်းလေးထဲမှာ ဒဏ်ရာရနေခဲ့ပြီး ဝက်ဝံလေး ဘလူးကလည်း ကြိုးနဲ့ အချည်ခံထားခဲ့ရကာ ကြိုးက အသားထဲတောင် နစ်ဝင်နေခဲ့ပြီဖြစ်ပါတယ်။ သူတို့လေးတွေဟာ ကယ်ဆယ်ခံခဲ့ရတဲ့ အဲဒီ့အချိန်ကတည်းက အခုထိ ဘလူး ခွဲစိတ်တဲ့ အချိန်ကလွဲလို့ အချိန်တိုင်း အတူရှိနေခဲ့ကြပါတယ်။ ဘလူး ခွဲစိတ်ကုသခံခဲ့ရလို့ ခဏခွဲရချိန်မှာတောင် ခြင်္သေ့လေးလီယိုနဲ့ ကျားလေးရှီယာခန်လေးတို့ဟာ စားမဝင် အိပ်မပျော် ဖြစ်ခဲ့ကြရပါတယ်။

အခုဆိုရင်တော့ သူတို့သုံးကောင်ဟာ Noah’s Ark ဘေးမဲ့တောမှာပဲ ပျော်ရွှင်စွာ နေထိုင်ကျက်စားလျက်ရှိကြပါတယ်။ အတူစား၊ အတူအိပ်၊ အတူကစားကြရင်းပေါ့။ ဘယ်လောက်တောင် ထူးခြားပြီး ချစ်စရာကောင်းတဲ့ ချစ်ခင်ရင်းနှီးမှုလေးပါလဲ..။


Ref: Happiest.net