ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်သွားတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်

Instagram/sayaadsadiq

မလေးရှား ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ မဟာသီယာမိုဟာမက်ဟာ သူ့ရဲ့ ရာထူးမှ နှုတ်ထွက်စာကို မလေးရှားဘုရင်ဖြစ်သူထံကို ပေးပို့လိုက်ပြီဖြစ်တယ်လို့ BBC သတင်းဌာနနဲ့ Aljazeera သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အသက် (၉၄) နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာမိုဟာမက်ဟာ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ကို ပထမအကြိမ်အဖြစ် (၁၉၈၁) ခုနှစ်က ထမ်းဆောင်ခဲ့ပြီး (၂၀၀၃) ခုနှစ်မှာ အနားယူခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်မှာတော့ မဟာသီယာဟာ နိုင်ငံရေးနယ်ပယ်ထဲကို တစ်ကျော့ပြန်ဝင်လာခဲ့ပြီး ညွှန်ပေါင်းအစိုးရရဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့တာပါ။

 

အသက် ၉၄ နှစ်ရှိပြီမို့ ကမ္ဘာ့အသက်အကြီးဆုံးဝန်ကြီးချုပ်တစ်ယောက်အဖြစ် စာရင်းဝင်ခဲ့တာပါ။ ဒီလို ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟာလအဖြစ်ဟာ ပျံနှံ့နေတာ ကြာပြီဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ အတည်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရာထူးက နှုတ်ထွက်စာဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာ ပေးပို့လိုက်ခြင်းဖြစ်ကြောင်းကို အတည်ပြုထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ မဟာသီယာရဲ့ နှုတ်ထွက်စာမှာ စာ(၂)ကြောင်းထဲသာ ပါဝင်ကြောင်းလည်း သိရပါတယ်။

(၂၀၁၈) ခုနှစ်မှာတော့ နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်ကို အုပ်စိုးထားခဲ့တဲ့  လက်ယာနိုင်ငံရေးတပ်ပေါင်းစုဖြစ်တဲ့ ဘီာဆန်နေရှင်နယ်(အမျိုးသားတပ်ဦး)ပါတီကို  မဟာသီယာနဲ့ အန်ဝါအီဘရာဟင်တို့ပေါင်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ အဆိုပါ ရွေးကောက်ပွဲဟာ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်ခဲ့ပြီး မဟာသီယာမိုဟာမက်ဟာ သူကိုယ်တိုင် အားပေးအားမြောက်ပြုခဲ့တဲ့ သူ့တပည့်ဖြစ်သူ နာဂျစ်ရာဇာတ်ကိုပါ အနိုင်ယူနိုင်ခဲ့တာပါ။

အခုလက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံရဲ့  ဝန်ကြီးချုပ်အသစ်ဟာ ဘယ်သူဖြစ်မလဲဆိုတာ သေချာမသိရှိရသေးပါဘူး။ ဝန်ကြီးချုပ်ရာထူးအတွက်လည်း ရွေးကောက်ပွဲပြန်လည် ပြုလုပ်မလားဆိုတာကိုလည်း မသိရှိရသေးပါဘူး။

မဟာသီယာမိုဟာမက်ရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံဖို့ သူ့ရဲ့ တပည့်ဟောင်းအန်ဝါအီဘရာဟင်ကို လိုလားပေမယ့် အတိုက်အခံနိုင်ငံရေးပါတီက လက်မခံပဲ ညွှန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ဖို့ တောင်းဆိုနေတယ်လို့ သတင်းတွေ ထွက်နေတုန်းမှာပဲ အခုလို နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

Ye Yint Kyaw

SHARE