လူတွေက ကျောင်းနေဘက်သူငယ်ချင်းတွေဟာ တစ်သက်တာသူငယ်ချင်းတွေဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ကျောင်းပြီးလို့ တစ်ယောက်နဲ့တစ်ယောက်ခွဲခွာခဲ့ရပေမယ့် ကိုယ်အကူအညီလိုအပ်တဲ့အချိန်တွေမှာ အမြဲမှီခိုအားထားနိုင်မယ့် သူငယ်ချင်းကောင်းတွေဆိုတာ တကယ်ရှိပါတယ်။ အခုအခါမှာတော့ storypick သတင်းစာမျက်နှာကတဆင့် တွေ့ရတဲ့ ကျောင်းနေဘက်သူငယ်ချင်းနှစ်ဦးရဲ့အဖြစ်အပျက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
Tamil Nadu ပြည်နယ် Pudukkottai မြို့မှာ အသက်၄၄နှစ်အရွယ်ထရပ်ကားဒရိုင်ဘာ Muthukumar ဆိုသူနေထိုင်ပါတယ်။ သူဟာ အခြားသူတွေလိုပဲ ကိုရိုနာလော့ဒေါင်းအတွင်း ငွေရေးကြေးရေးတော်တော်လေး အခက်အခဲဖြစ်နေတာပါ။ လော့ဒေါင်းမတိုင်ခင်ကတော့ ရူပီး ၁သောင်းခွဲဝန်းကျင်လောက် ဝင်ငွေရှိပါတယ်။ အခုတော့ လော့ဒေါင်းကြောင့် ရူပီး ၁ထောင်ကနေ ၂ထောင်ကြားလောက်ပဲ ရပါတော့တယ်။ သူနေထိုင်တဲ့အိမ်လေးကလည်း ၂၀၁၈ခုနှစ်က တိုက်ခတ်ခဲ့တဲ့ Gaja ဆိုင်ကလုန်းကြောင့် တော်တော်လေးအခြေအနေယိုယွင်းနေခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်လကတော့ Muthukumar ဟာ ကျောင်းနေဘက်သူငယ်ချင်း Nagendran နဲ့ ဆရာအိမ်တစ်အိမ်မှာ ဆုံပါတယ်။ ဒါနဲ့ Nagendran ကို Muthukumar က သူ့အိမ်လိုက်လည်ဖို့ ဖိတ်ခဲ့ပါတယ်။ Muthukumar ရဲ့ အိမ်အခြေအနေကိုလည်းတွေ့ရော Nagendran က တော်တော်လေးစိတ်ပျက်သွားခဲ့ပါတယ်။
“ကျွန်တော်ကျောင်းပြီးတာ အနှစ်၃၀ကြာပြီးမှ ငယ်သူငယ်ချင်းနဲ့ပြန်တွေ့ရတယ်။ သူ့အိမ်အခြေအနေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ Gaja ဆိုင်ကလုန်းက သူ့အိမ်နားက သစ်ပင်တွေနဲ့ သူ့အိမ်အမိုးကိုပါ ဖျက်ဆီးပစ်လိုက်တာ။ သူ့အိမ်ထဲဝင်ဖို့ဆိုရင် ခါးကုန်းဝင်မှရတယ်။ ကျွန်တော်လည်း သူ့ကိုကူညီဖို့လိုနေပြီဆိုတာသိလိုက်တယ်။” လို့ Nagendran က ဆိုပါတယ်။

Nagendran ဟာ WhatsApp group တစ်ခုဖွဲ့ပြီး ကျောင်းနေဘက်သူငယ်ချင်းတွေအားလုံးကို အကူအညီတောင်းပါတယ်။ ဒီလိုနဲ့ အလှူငွေတွေစုကြတော့ Muthukumar အတွက် အိမ်ဆောက်ပေးဖို့ ရူပီး ၁.၅ သိန်းရရှိပါတယ်။ ၃လအတွင်း Nagendran နဲ့ သူငယ်ချင်းတွေဟာ အိမ်လေးတစ်လုံးဆောက်လုပ်ပေးခဲ့ကာ ဒေဝါလီလက်ဆောင်အဖြစ် Muthukumar ကိုပေးအပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ အဆက်အသွယ်ပြတ်နေခဲ့ပေမယ့် ကျောင်းနေဘက်သူငယ်ချင်းတွေဆိုတာ ထူးခြားပါတယ်။ လိုအပ်နေတဲ့ သူငယ်ချင်းတွေတွေ့ရင် ကူညီရမယ်။ လော့ဒေါင်းအတွင်း လူတော်တော်များများက ဒုက္ခရောက်နေကြတာ။ တကယ်လို့ အကူအညီလိုအပ်နေတဲ့သူငယ်ချင်းတွေ့ရင် ခင်ဗျားလည်း တတ်နို်င်တာတစ်ခုခုကူညီပေးလိုက်ပါ။” လို့ Nagendran ကပြောသွားခဲ့ပါသေးတယ်။
ShweMom