အခုပြောပြချင်တဲ့ အမျိုးသားတစ်ယောက်ကတော့ တစ်ကယ့်ကို Inspire ဖြစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုတာကို အရင်ပြောထားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အမျိုးသားဟာ အောက်ခြေကနေ အထက်နေရာတစ်ခုအထိရောက်အောင် ကိုယ့်အားကိုယ်ကိုးပြီး တက်လှမ်းခဲ့တဲ့ အမျိုးသားတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ အဆိုပါ အမျိုးသားဟာ England နိုင်ငံမှာ ဝင်ငွေတော်တော်ကောင်းတဲ့ Software engineer တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

သူကတော့ အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်ရှိ Binesh Balan လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Binesh ရဲ့ ငယ်ဘဝကတော့ တော်တော်လေးကို ဆင်းရဲပြီး စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူပါ။ ဖခင်ဖြစ်သူဟာလည်း ကူလီအလုပ်ကြမ်းသမားတစ်ယောက်ဖြစ်သလို Binesh ဟာ သူ့ရဲ့ အားလမ်ချိန်တွေမှာလည်း ဖခင်ဖြစ်သူနဲ့ အတူတူ ကူလီထမ်းရင် မိသားစုဝင်ငွေကို တိုးပွားအောင် ကြိုးစားပေးခဲ့တဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ထမင်းတောင် စားစရာမရှိလို့ ခြံထဲမှာ ပေါက်နေတဲ့ ပိန္ဒဲပင်က ပိန္ဒဲသီးတွေကိုပဲစားပြီး အသက်ရှင်ခဲ့ရတဲ့ နေ့တွေလည်း Benish မှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ Benish ဟာ အစိုးရစာသင်ကျောင်းကိုတော့ တက်ရောက်နိုင်ခဲ့ပါတယ်။

ကျောင်းမှာဆိုရင်လည်း ကူလီသမားတစ်ယောက်ရဲ့သားအဖြစ် သူငယ်ချင်းတွေက ဝိုင်းလှောင်တာ ခံရတဲ့အပြင် ဆရာဆရာမတွေရဲ့ အရေးပေးခြင်းကိုပါ လုံးဝမခံရခဲ့တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ Benish တစ်ယောက် ၇ တန်းအရောက်မှာ ကွန်ပျူတာတွေနဲ့ စတင်သိကျွမ်းခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာဂိမ်းဆော့ဖို့ Benish ကို အင်တာနက်ဆိုင်ခေါ်သွားခဲ့ရာမှ Benish တစ်ယောက် ကွန်ပျူတာကို တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Benish ဟာ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ အရာတွေ မှန်သမျှ လိုက်လံရှာဖွေခဲ့ပြီး ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ပညာမှန်သမျှကို သူ့နည်းသူ့ဟန်နဲ့ သင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ Benish ဟာ ကောလိပ်တက်တဲ့ အခါမှာလည်း နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်အောင် အစိုးရကပေးတဲ့ ပညာသင်ဆုကိုရအောင် ကြိုးစားခဲ့ပါတယ်။

Benish တစ်ယောက် England နိုင်ငံမှာရှိတဲ့ Sussex University ကို သွားတက်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ အချိန်မှာ ကောလိပ်က ဆရာဆရာမတွေ၊ အတ်းသူအတန်းသားတွေနဲ့ ပတ်ဝန်းကျင်က ရှိသမျှလူတွေအကုန်လုံးက Benish ကို အားမပေးပဲ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် Benish ရဲ့ ကြိုးစားမှုကြောင့် နောက်ဆုံးမှာ အစိုးရကပေးတဲ့ ပညာသင်ဆုကို ရအောင် ယူနိုင်ခဲ့ပြီး Sussex University ကို သွားတက်နိုင်ခဲ့ပါတယ်။
ဒီလိုသွားရောက်တက်နိုင်ခဲ့ပေမယ့်လည်း ပညာသင်စရိတ်အတွက် Benish ဟာ England နိုင်ငံမှာ မနက် ၄ နာရီကနေ မနက် ၈ နာရီအထိ သန့်ရှင်းရေးအလုပ်သမားအဖြစ် အချိန်ပိုင်းလုပ်ကိုင်ကာ ကျောင်းတက်ခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင်တော့ Benish ဟာ Banking system ကို ရေးဆွဲတဲ့ Software engineer တစ်ယောက်အဖြစ် လစာကောင်းကောင်းနဲ့ ရပ်တည်နေနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Pyi Hein Kyaw