သွားတိုက်ဆေးနဲ့ပူရှိန်းသကြားလုံးရှိရင် ငါးဖမ်းလို့ရပြီဆိုတာ သိပါသလား

Youtube

ဒီနေ့ခေတ်ကြီးထဲ နည်းပညာအသစ်တွေ ဘယ်လောက်တောင် တိုးတက်လာသလဲဆိုရင် တစ်ခါတလေ ကိုယ်မြင်မိတာတွေက တကယ်ရောဟုတ်ရဲ့လားလို့ ထင်မိတဲ့အထိပါပဲ။ အခုလည်းကြည့်လေ။ ပရုတ်ပါတဲ့သွားတိုက်ဆေးနဲ့ ပူရှိန်းသကြားလုံးတွေကို သုံးပြီး ငါးခူတွေ ဖမ်းပြသွားတဲ့ ဗီဒီယိုဖိုင်တစ်ခုက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လို့နေခဲ့ပါပြီ။

ကြည့်ရှုသူ သန်းချီပြီး ရှိခဲ့တဲ့ ဒီ ဗီဒီယိုဖိုင်လေးက ငါးတွေကို ဒီလောက်လွယ်လွယ်နဲ့ ဖမ်းလို့ရသလားလို့ မေးခွန်းထုတ်စေခဲ့ပြီး ဗီဒီယိုဖိုင်ထဲမှာ ငါးဖမ်းပြသွားတဲ့ကောင်လေးကတော့ စိတ်အေးလက်အေးနဲ့ သူ့အလုပ်ကို သူ လုပ်သွားခဲ့တာပါပဲ။

အဲဒီ ဗီဒီယိုဖိုင်ကို Amazing Technology ဆိုတဲ့ Youtube အကောင့်က တင်ခဲ့တာဖြစ်ပြီး တစ်လမပြည့်သေးခင်မှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပါပြီ။

Youtube

ဗီဒီယိုအစမှာတော့ ကောင်လေးတစ်ယောက်က လယ်ကွင်းထဲကို လာပြီး ငါးရှာဖို့ လုပ်ခဲ့တာပါ။ တစ်နေရာမှာတော့ သူက တွင်းတစ်တွင်းကို တွေ့ခဲ့ပြီး အဲဒီ တွင်းထဲမှာ ငါးရှိလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲဒီနောက် သူ့လုပ်ငန်းကို စတော့တာပါပဲ။

READ
အကြွားသန်လွန်းတဲ့ ဘလော့ဂါ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေပါ ကြုံနေရ

သူက အသင့်ပါလာတဲ့ ပူရှိန်းသကြားလုံးတွေကို အဲဒီ တွင်းထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ပရုတ်ပါတဲ့သွားတိုက်ဆေးတောင့်ကိုယူပြီး သွားတိုက်ဆေးတော်တော်များများကို ညှစ်ချလိုက်တယ်။ ပြီးတဲ့နောက် တုတ်တချောင်းနဲ့ရောမွှေလိုက်ပါတယ်။

Youtube

စက္ကန့်နည်းနည်းကြာပြီးတဲ့နောက်မှာတော့ တွင်းအ၀မှာရှိတဲ့ ရေတွေက ပရုတ်တွေ ပူရှိန်းတွေကြောင့် အမြှပ်တွေထလာခဲ့ပြီး တွင်းပေါက်ထဲကနေ ငါးခူတွေ ထွက်လာတာကို မြင်ခဲ့ကြရတာပါ။ တွင်းထဲမှာရှိနေတဲ့ ငါးတွေက တော်တော်များပုံရပြီး ကောင်လေးကတော့ အနည်းဆုံး (၁၀)ကောင်ကျော်လောက်ကို သူ့ရဲ့ပုံးထဲ ထည့်နိုင်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာသုံးတဲ့သူတွေကတော့ ဒီနည်းစနစ်ကို သဘောကျနေကြပေမယ့် တကယ်လို့ တွင်းထဲမှာရှိနေတာက ငါးမဟုတ်ပဲ မြွေတစ်ကောင်ဆိုရင်ရော ဘယ်လိုလုပ်မလဲလို့ ပြန်လည်မေးခွန်းထုတ်ခဲ့ကြပါတယ်။

တချို့ကလည်း ဒီငါးတွေကို သွားတိုက်ဆေးသုံးပြီးဖမ်းတာကြောင့် ငါးဟင်းစားပြီးရင် သွားတိုက်စရာမလိုတော့ဘူးဆိုတဲ့ မှတ်ချက်တွေလည်း ပေးခဲ့ကြပါသေးတယ်။

Linn

SHARE