ငါ့ကျောင်းမှာ မနေနဲ့ ထွက်သွားစမ်းဆိုတဲ့ ဘုန်းကြီးတစ္ဆေကြီးအကြောင်း

တစ်နေ့သတွင် စာရေးသူ နတ်စည်တော်တစ်ယောက် ရေးဖော်ရေးဖတ်ဖြစ်ကြသည့်၊ ကဗျာဆရာ စာရေးဆရာများနဲ့ “အောင်သိဒ္ဓိလက်ဖက်ရည်”ဆိုင်မှာ စကားလက်ဆုံကျနေခိုက်၊ ဦးဇင်းတစ်ပါး ကျနော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ကဗျာဆရာ အာကာချိုက အဆိုပါ ဦးဇင်းကို ခရီးဦးကြိုပြုရင်း ကျနော်တို့လည်း မိတ်ဆက်ပေးပါတယ်။

ဦးဇင်းဘွဲ့အမည်မှာ ဦးသုတပါလဖြစ်ပြီး၊ ကလောင်နာမည်ကတော့ သော်သစ်တည်လို့ သိရပါတယ်။ ဒီလိုနဲ့ စကားကောင်းနေရင်း သရဲအကြောင်းဆီကို စကားလမ်းကြောင်းက ပြောင်းသွားပါတယ်။ ဦးသုတပါလ(ခ) သော်သစ်တည်ကတော့ နေ့ဆွမ်းဘုဉ်းပေးချိန်မို့ ကျနော်တို့ကပ်တဲ့ ဆွမ်းကွမ်းကို အလှူခံတော်မူပြီး၊ ကျနော်တို့ ပြောသမျှကိုသာ နားထောင်နေပါတယ်။

သူ ဆွမ်းဘုဉ်းပြီးတော့ ချောင်းဟမ့်ပြီး ” ဒကာ နတ်ကြီးက … သရဲအကြောင်း တယ်စိတ်ဝင်စားတယ် ထင်တယ် “ဟု မိန့်ပါတယ်။ ကျနော်က ” မှန်ပါ တပည့်တော်ကတော့ အဲဒီလို သည်းထိတ်ရင်ဖိုဆိုရင် သိပ်စိတ်ဝင်စားတာပဲ .. ဦးဇင်းမှာကော သရဲနဲ့ပတ်သတ်တဲ့ ကုန်ကြမ်းလေးများ မရှိဘူးလား … တပည့်တော်က စာအုပ်ထုတ်မလို့ ဘုရာ့ “လို့ ပြန်လျှောက်လိုက်ပါတယ်။

ထိုစဉ်မှာပင် ဦးဇင် ဦးသုတပါလက သူ ကြုံခဲ့ရတဲ့ သရဲအတွေ့အကြုံကို မျှဝေပါတော့တယ်။ ဦးဇင်းဟာ သူ ပြောသမျှစကားကို စာရေးဆရာပီပီ တန်ဆာဆင်ပြီး ပြောတာကလွဲရင်၊ ကျန်တာတွေဟာ အပိုအလို၊ လုပ်ကြံဖြည့်တင်းထားခြင်း မရှိ၊ ပကတိမှန်နိုင်တယ်လို့ နတ်စည်တော်ကတော့ ယုံကြည်ပါတယ်။

(၁)

ဦးသုတပါလဟာ ရန်ကုန် သန်လျင်ဘက်မှာ စာဝါလိုက်စားခဲ့တဲ့ ကိုယ်တော်တစ်ပါးဖြစ်ပါတယ်။ စာဝါ ဓမ္မာစရိယတန်းအထိ ရောက်နေပြီဖြစ်ပြီး၊ သုံးလေးနှစ် ဖြေပြီးလို့၊ မအောင်မြင် ပရိပတ္တိဘက်ကို စိတ်ရောက်နေချိန်ပါ။ သူ့ဆီကို သတင်းကောင်းတစ်ခု ရောက်လာခဲ့ပါတယ်။ သူနဲ့ အရင်က စာဝါလိုက်ဖူးတဲ့ ကိုယ်တော်တစ်ပါးက ဖုန်းနဲ့ဆက်သွယ်ပြီး ” မောင်ရင် … မြို့နဲ့ မဝေးလှတဲ့ … ထိန်ပင်ကန်ဆိုတဲ့ ရွာကလေးမှာ ကျောင်းထိုင်ဘုန်းကြီးလိုနေတာ သုံးလေးနှစ် ရှိပြီတဲ့ … အဲဒါ မောင်ရင် သွားကြည့်လိုက်ပါလား .. ရွာသူကြီးက ငါနဲ့ သိတော့ အကျိုးအကြောင်း ပြောပေးထားမယ် “ဆိုပြီး မိန့်ပါတယ်။

စာမေးပွဲကလည်း မအောင်၊ ပရိပတ္တိကို တက်နိုင်သလောက် အားထုတ်ပြီး ကိုယ်သိသလောက် တရားပြန်ဟောမယ်စိတ်ကူးတဲ့ ဦးသုတပါလဟာ ထိန်ပင်ကန်ကို သွားပြီး ကျောင်းထိုင်ဆရာတော်ဘ၀နဲ့ သာသနာပြုရင် ကောင်းမယ်လို့စဉ်းစားလိုက်ပါတယ်။ ယင်းနောက် ၀ိပဿနာရိပ်သာတစ်ခုကို တစ်လတိတိ တရားဝင်ထိုင်ပြီး၊ ကမ္မဋ္ဌာန်းနည်း ရအောင်ယူခဲ့ပါတယ်။ အဲဒီနောက် သူငယ်ချင်း ဦးဇင်းရဲ့ ဆက်သွယ်ပေးမှုနဲ့ ထိန်ပင်ကန်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတော့တယ်။

(၂)

ထိန်ပင်ကန် ရွာသူရွာသားတွေဟာ မြို့ရဟန်း ပညာတတ်၊ အသက်ငယ်ငယ် ကျောင်းထိုင်ဆရာတော်လေးကို ရရှိလိုက်တာမို့ ကျောင်းတင်ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ပါတယ်။ ကျောင်းကြီးဟာ ငါးပင်တည် ခြောက်ခန်းတွဲ ကျွန်းတိုင်အစစ်တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးကျောင်းကြီးဖြစ်ပြီး အလွန်တောင့်တင်းပါတယ်။ ရွာသူရွာသားတွေက ကျောင်းကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြတာကလည်း တကယ်ကို အားရစရာကြီးပါဘဲ။

ကျောင်းထိုင်ဘ၀နဲ့ ပထမတစ်ပတ်အထိ ဘာမှ မထူးခြားခဲ့ပါ။ ရွာသူရွာသားတွေဟာ နေ့စဉ်နဲ့အမျှ ဆရာတော် ဦးသုတပါလဆီကို သတင်းစကားတွေ လာပြော၊ ၀ိပဿနာတွေ လာရောက်လျှောက်ထား ဆွေးနွေးကြလို့ ကျောင်းက စိုစိုပြည်ပြည်ဆိုပေမယ့်၊ ညနေ ငါးနာရီနောက်ပိုင်း ကျောင်းကို မည်သူမျှ မလာတော့တာကိုတော့ ဦးသုတပါလ သတိထားမိပါတယ်။

ကျောင်းထိုင်ဘ၀နဲ့ 10 ရက်လောက် အရ … တစ်ညမှာ ဦးသုတပါလ ရုတ်တရက် ကုဋီသွားလိုစိတ် ဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ အာသွင်းဓာတ်မီးလေးကို ယူပြီး၊ ကုဋီရှိရာကို သွားပါတယ်။ ကုဋီအတွင်းမှာ ကိစ္စ၀ိစ္စရှင်းနေချိန် မျက်နှာပေါ်ကို ရုတ်တရက် အ၀တ်စလိုအရာမျိုး ကျလာပါတယ်။ ဦးသုတပါလ ချက်ချင်း မျက်နှာရှေ့မှာ ၀ဲကျနေတဲ့ အရာကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်တယ်၊ ချက်ချင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။

READ
တူမလေးရဲ့ ထူးဆန်းတဲ့ အိပ်နေပုံကြောင့် ခြောက်ခြားသွားခဲ့ရတဲ့ ကလေးထိန်းအမျိုးသမီး

ဆရာတော့်စိတ်ထဲမှာ နည်းနည်း ဘ၀မကျ ဖြစ်သွားပြီး၊ ထပ်မံကျိန်းစပ်ခြင်း မပြုတော့ဘဲ၊ စင်္ကြန်လျှောက်ရင်း ဘုရားရှင်ရဲ့ ပရိတ်တော်တွေကို မေတ္တာသုတ်မှစပြီး ရွတ်ဆိုပါတယ်။ ရတနသုတ်အရောက်မှာ ကျောင်းဆောင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး၊ ထုထည်ကြီးမားလှတဲ့ သတ္တ၀ါကြီးတစ်ကောင် အနားက ဖြတ်ပြေးသွားလိုက်သလို၊ ခံစားလိုက်ရပါတယ်။ ဦးသုတပါလ ချွေးပျံနေပါပြီ။ ဒါပေမယ့် မူလချထားတဲ့ သံဓိဋ္ဌာန်အတိုင်း ပရိတ်တော်တွေကို ဆက်လက် ရွတ်ပွားနေခဲ့ပါတယ်။ အဲဒီနောက် ဘာမှ မထူးခြားတော့ပါ။

(၃)

” ဒကာကြီး .. ဟောဒီကျောင်းနဲ့ပတ်သက်ပြီး ထူးဆန်းတာ ရှိတယ် … ဒကာကြီးလည်း ဒီရွာသားပီပီ သိကိုသိလိမ့်မယ်လို့ ဦးဇင်းက ယုံကြည်တယ် .. ဒီတော့ ဒကာကြီး ဒီကျောင်းနဲ့ပတ်သက်ပြီး သိသမျှ ဦးဇင်းကို လျှောက်ပေတော့ … “ဟု မနက်စောစော အာရုံဆွမ်းလာပို့တဲ့ ရွာသူကြီး ဦးတင့်ဆန်းကို မိန့်လိုက်ပါတယ်။ ဦးတင့်ဆန်းခမျာ မျက်နှာပျက်သွားပါတယ်။ စက္ကန့် 30 လောက် ဘာမှ မပြောနိုင် ငိုင်နေပြီးမှ လက်အုပ်ချီပြီး-


“မှန်ပါဘုရား .. တပည့်တော် မလိမ်မညာ အမှန်အတိုင်း လျှောက်ရရင် ဒီကျောင်းမှာ ဘယ်လိုမှ ချွတ်လို့မရတဲ့ ဘုန်းကြီးသရဲ ရှိတယ်ဘုရား “လို့ လျှောက်ပါတယ်။ ” ဘယ်လို ဘယ်လို ဘုန်းကြီးသရဲ ဟုတ်လား … ပြောပါဦး အကြောင်းစုံ”
” မှန်ပါ … လွန်ခဲ့တဲ့ 6 နှစ် 7 နှစ်လောက်ကမှ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီး ဦးအာသ၀ဆိုတာ ဒီရွာသားတော့ မဟုတ်ဖူးဘုရား … သူက တပည်တော်တို့နဲ့ နှစ်ရက်ခရီးသွားရတဲ့ ကိုင်းရွာဇာတိသားဘုရား … အသက်ကြီးမှ ဘုန်းကြီးဝတ်လာပြီး .. ဒီကျောင်းကို သူရောက်လာတာ … သူရောက်လာပြီး 4 လလောက်မှာ သူ့ အရင် ကျောင်းထိုင်ဆရာတော် တပည်တော်တို့ ရွာသား ဦးသံကိစ္စက ပျံလွန်တော်မူတာ … ” … ” အင်း ဆက်ပါဦ်း ”

” ဦးသံကိစ္စ ပျံလွန်တော်မူတော့ ဦးအာသ၀ကို ရွာသားတွေက ကျောင်းထိုင်တင်ကြတာပဲဘုရား … ဦးအာသ၀က ဒီကျောင်းမှာ ခြောက်နှစ်လောက်အထိ ကျောင်းထိုင်ခဲ့တယ် … ပြီးခဲ့တဲ့ ခြောက်နှစ် ခုနှစ်လောက်မှာ လေနာရောဂါနဲ့ ပျံလွန်တော်မူတယ်ဘုရား .. ” ” အင်း ဆက်ပါဦး ” … ” အဲဒါ သူပျံလွန်တော်မူပြီး နောက်ပိုင်း ကျောင်းထိုင်ကိုယ်တော် သုံးပါး-လေးပါး … တပည်တော်တို့ ရွာက အခမ်းအနားနဲ့ ပင့်ခဲ့ပါတယ် … ဒါပေမယ့် တစ်ချို့ကိုယ်တော် တစ်ရက်ပဲ ကြာတယ်၊ တစ်ချို့ကိုယ်တော်တွေက တစ်ပတ်လောက် ကြာပြီး … နောက် ကျောင်းကို ပစ်ပြေးကြတော့တာပါဘဲ ”

” အင်း … ဦးအာသ၀က ခြောက်လှန့်လို့ပေါ့ … ” … ” မှန်ပါဘုရား … ညအိမ်နေရင် ရင်ဘတ်ပေါ်က ခွစီးပြီး … သွား ငါ့ကျောင်းမှာ မနေနဲ့ … ငါ့ကျောင်းက ထွက်သွားဆိုပြီး သောင်းကျန်းတယ်လို့ အရင်ကိုယ်တော်တွေက မိန့်တာပဲဘုရား … ဒီနောက် ကျောင်းထိုင်မယ့် ကိုယ်တော် မရှိတာ ကြာပါပြီဘုရား … တပည့်တော်တို့ ကျောင်းကိုတော့ ပစ်မသွားပါနဲ့လို့ တပည့်တော် အသနားခံချင်ပါတယ်ဘုရား ” … ဦးသုတပါလ ခေါင်းတဆက်ဆက် ငြိမ့်ပြီး … ” ကောင်းပြီ ဒကာကြီး … ဦးဇင်း တက်နိုင်သလောက် သတင်းသုံးပါ့မယ် “လို့ မတင်မကျ မိန့်လိုက်ရပါတယ်။

READ
တောက်ပတဲ့အလင်းရောင်ပိုင်ရှင်ကို တိမ်တွေကြားထဲ တွေ့ခဲ့ကြောင်း မျက်မြင်ကြုံသူများက ဆို

(၄)

နှစ်လောက် နေသည်အထိ ဦးသုတပါလ မည်သည့် အနှောက်အယှက်မှ မရှိ၊ ချမ်းသာစွာ သတင်းသုံးနိုင်ခဲ့ပါတယ်။ ကြာတော့ ဦးသုတပါလသည်ပင်လျှင် ဦးအာသ၀အကြောင်းကိုတောင် မေ့တေ့တေ့ ဖြစ်သွားပါတယ်။ ညနေ 7 နာရီတီးတာနဲ့ ဦးသုတပါလဟာ စင်္ကြန်လျှောက်ရင်း တရားမှတ်နေပါပြီ။ ငြိမ်သက်တဲ့ အရပ်ဒေသဟာ ၀ိပဿနာခရီးသည်တွေအတွက် အသင့်တော်ဆုံးလို့ ဆိုပါတယ်။

ည 9 နာရီဆိုရင် ဦးသုတပါလ ထိုင်တရားကို တစ်နာရီဆက်ပြီး မှတ်ပါတယ်။ တစ်ည … ထိုင်တရားမှတ်နေစဉ်မှာပဲ … ယခင် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလို ထုထည်ကြီးမားလှတဲ့ ဧရာမသတ္တ၀ါကြီး ကျောင်းရဲ့သစ်သားကြမ်းခင်းတွေပေါ် ပြေးနေလသို၊ သိမ့်သိမ့် တုန်နေပါတယ်။ ဦးသုတပါလ မည်သည့် ကြောက်စိတ်မျှ မရှိတော့ပါ။ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်တော့ ဘာသံမှမကြားရတော့ပဲ၊ ရှေ့တည်တည်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ရုပ်ပွားတော်ကိုသာ မြင်ပါတယ်။ မျက်လုံးကို ပြန်မှိတ်လိုက်တော့ စောစောကထက် နှစ်ဆလောက် ကြမ်းတဲ့ ၀ိုင်းဒိုင်းသံတွေ ကြားရပါတယ်။

ဦးသုတပါလ ဘုရားကိုသာ အာရုံပြု၊ ဦးသုံးကြိမ်ချလိုက်ပြီး၊ နောက်ကို တဖြည်းဖြည်း လှည့်ကြည့်လိုက်ပါတယ်။ ဦးအာသ၀ပါဘဲ … သူဟာ တကယ့်ကို ထုထည်ကြီးမားလှတဲ့ သဘက်ကြီးဘ၀ကိုတောင် ရောက်နေပေပြီ။ ကျောင်းတိုင်ကနေ အောက်ကို ဇောက်ထိုးကြီးအနေအထားနဲ့ ဦးသုတပါလကို မီးဝင်းဝင်းတောက် မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။

” ဘယ်သူလဲဟေ့ … သာသနာ့နယ်မြေမှာ သောင်းကျန်းနေတာ ” ဦသုတပါလရဲ့ အာဏာဆန်ဆန်အမေးကို ဦးအာသ၀တစ်ဖြစ်လဲ သဘက်ကြီးက မဖြေဘဲ ” ငါ့ကျောင်းက ထွက်သွား … မဟုတ်ရင် နင် ဒုက္ခရောက်မယ် … “ဆိုပြီး စူးစူးဝါးဝါးအော်ပြောပါတယ်။ ဦးသုတပါလ ခြေဖနောင့်ကို တစ်ချက်စောင့်လိုက်ပြီး-


” ဟေ့ … ယုတ်ညံ့တဲ့ သဘက် … ငါ့လို ဘုရားသားတော်ကိုများ မင်းက နှယ်နှယ်ရရ မထီလေးစားနဲ့ … အေး … မင်းကို အမိန့်ပေးမယ် … ဒီကျောင်းက လွတ်ရာ …လူတွေကို ဥပဒ်မပြုနိုင်တဲ့ နေရာကို ထွက်သွားပေတော့ … မဟုတ်ရင် မင်းကို သံဃာအမိန့်နဲ့ ငါနှင်မယ် … ငါ့အကြောင်း မင်း ကောင်းကောင်းသိစေမယ် “ဆိုပြီး ဒုတိယမ္ပိ ဖနောင့်တစ်ချက်စောင့်ကာ … နတ်တို့သနင်း သကြားမင်းနဲ့ နတ်ဗြဟ္မာအပေါင်းကို ဖိတ်မံပြီး၊ ပရိတ်ကြီး 11 သုတ်ကို စတင်ရွတ်ဆိုပါတယ်။ မည်သည့်အသံမျှ မကြားရတော့ပါ။ မည်သည့် နှောက်ယှက်မှုမှ မရှိတော့ပါ။ အခုအချိန်ထိ ဦးသုတပါလဟာ ထိန်ပင်စုတောရကျောင်းမှာ ချမ်းသားစွာ သတင်းသုံးနေဆဲလို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Photo : internet

SHARE