ကမ္ဘာမြေဟာ ဇီဝမျိုးကွဲမျိုးစုံပေါကြွယ်ဝတယ်လို့ ဆိုကြပေမယ့် (၉၉.၉) ရာခိုင်နှုန်းသော ဇီဝမျိုးစိတ်တွေဟာ အခုဆိုရင် ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အပင်မျိုးစိတ် (၈.၇) သန်းနဲ့ တိရစ္ဆာန်မျိုးစိတ် (၂၃,၀၀၀) တို့ဟာဆိုရင် ကမ္ဘာမြေပေါ်ကနေ မျိုးသုဉ်းလုနီးအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖြစ်တဲ့ (IUCN) ကဆိုပါတယ်။ တစ်နေ့တစ်ခြား ဇီဝမျိုးစိတ်တွေ ဆုံးရှုံးလာနေတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံဟာလည်း တစ်နိုင်ငံအပါအ၀င် ဖြစ်နေပါတယ်။ အောက်ဘက်မှာတော့အမေရိကန်နိုင်ငံ တစ်လွှားမှာ ရှားပါးမျိုးစိတ်စာရင်း ၀င်နေပြီဖြစ်တဲ့ တိရစ္ဆာန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝံပုလွေနီတွေဟာ (၁၉၈၀) ခုနှစ်မှာ မျိုးသုဉ်းခဲ့ပေမယ့် နောက်ထပ် (၇) နှစ်အကြာမှာတော့ အမေရိကန် ငါးနဲ့ တောရိုင်းတိရစ္ဆာန်အဖွဲ့အစည်းတစ်ခုရဲ့ အကူအညီကြောင့် ပြန်လည်တွေ့ရှိလာရပါတယ်။ ၀ံပုလွေနီတွေဟာ ကယ်ရိုလိုင်းနားမြောက်ပိုင်းမှာ နေထိုင်ကျက်စားပါတယ်။ သူတို့ရဲ့နားနောက်မှာရှိတဲ့ အနီရောင်သားမွှေးတွေကြောင့် ၀ံပုလွေနီတွေလို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ၀ံပုလွေနီတွေဟာ သာမန်အားဖြင့် ပေါင်(၄၅-၈၀)အထိ ရှိနိုင်ပြီး (၂၆) လက်မအထိ အရပ်အမြင့်ရှိနိုင်ပါတယ်။

The Kemp’s ridley လိပ်မျိုးဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးဖြစ်နေတဲ့ ပင်လယ်လိပ်အမျိုးအစား ဖြစ်ပါတယ်။ သူတို့ကို မက္ကစီကို ပင်လယ်ကွေ့မှာ တွေ့ရတတ်ပြီး အချို့လိပ်တွေက အမေရိကန်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ တောင်ဘက်ကယ်ရိုလိုင်းနားကမ်းခြေဘက်ဆီ ရေကူးလာလေ့ ရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့ ပင်လယ်လိပ်တွေမှာဆိုရင် အခွံအလျားဟာ (၂) ပေလောက်ပဲ ရှိတတ်ပေမယ့် အလေးချိန်ကတော့ ပေါင်(၁၀၀) ကျော်အထိ ရှိနိုင်ကြောင်း သိရပါတယ်။

စုပ်ခွက်ငါးတစ်မျိုးဖြစ်တဲ့ cui-ui ငါးကို အမေရိကန် နီဗာဒါပြည်နယ်မှာပဲ တွေ့နိုင်ပါတယ်။ နွေဦးရောက်တဲ့အခါ ငါးတွေဟာ နီဗာဒါရဲ့ ပိရမစ်ရေကန်နဲ့ ထရပ်ကီးမြစ်အောက်ပိုင်းမှာ သားပေါက်ကြပါတယ်။ သားပေါက်ရာနေရာက အကန့်အသတ်နဲ့ ဖြစ်တာကြောင့်လည်း ငါးတွေဟာ ရှားပါးစာရင်းဝင်လာကြတာ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် အနှစ် (၄၀)ကျော်ရှိပြီး အရွယ်ရောက်ပြီး ငါးတစ်ကောင်ဟာ (၇.၅) ပေါင် အလေးချိန်ရှိနိုင်ပါတယ်။

ကိုလံဘီယာက Basin pygmy ယုန်မျိုးစိတ်ဟာ ရှားပါးစာရင်းဝင်နေပြီဖြစ်တဲ့ အသေးဆုံး ယုန်မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ ယုန်တွေဟာ နာမည်နဲ့ လိုက်အောင် အလေးချိန်တစ်ပေါင်အောက်ပဲ ရှိပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ (၉.၃) ကနေ (၁၁.၆) လက်မလောက်သာ အရပ်ရှိပါတယ်။ (၂၀၀၁) ခုနှစ်မှာတော့ သူတို့ကို ကောင်ရေ(၅၀) လောက်သာ တောထဲမှာ တွေ့ရပါတော့တယ်။ အရင်တုန်းကတော့ ယုန်တွေကို အမေရိကန်ရဲ့ အနောက်မြောက်ပိုင်းမှာ တွေ့ရပေမယ့် အခုဆိုရင်တော့ ၀ါရှင်တန်ပြည်နယ်မှာသာ တွေ့ရပါတော့တယ်။ ယုန်တွေ ရှားပါးစာရင်းဝင်လာတဲ့ အဓိကအကြောင်းရင်းကတော့ sagebrush ခေါ်တဲ့ အပင်တွေရှားပါးသွားလို့ ဖြစ်ပါတယ်။ ယုန်တွေဟာ sagebrush အပင်ကို အစားအသောက်အနေနဲ့ရော အကာအကွယ်အတွက် မှီခိုလေ့ရှိတယ်လို့ သိရပါတယ်။

ဖလော်ရီဒါ ဘွန်နက်တက် လင်းနို့တွေကို ဆန်းရှိုင်းပြည်နယ်က ကောင်တီနှစ်ခုမှာပဲ တွေ့ရပါတော့တယ်။ အရှည်အားဖြင့် (၆.၅) လက်မအထက်ရှိတဲ့ လင်းနို့ဟာ အလေးချိန်အားဖြင့် (၁.၂-၁.၇) အောင်စကြားရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က သေးပေမယ့် သူတို့ဆီမှာ ဖြန့်ထုတ်လိုက်ရင် (၂၁) လက်မအထိ ရှည်လျားတဲ့ အတောင်ပံ့တွေ ရှိနေပါတယ်။ ဖော်ပြပါ သတ္တ၀ါတွေကတော့ အမေရိကန်နိုင်ငံက အချို့ပြည်နယ်တွေမှာပဲ ကျန်ရှိတော့တဲ့ ရှားပါးစားရင်းဝင်နေတဲ့ တိရစ္ဆာန်အချို့ပဲ ဖြစ်ပါတော့တယ်။
လင်းလင်း (ShweMom)
Ref: insider