ယနေ့ခေတ်ရဲ့ ခေတ်ရေစီးကြောင်းအရ စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အချိန်ပြည့်နေရာယူလာခဲ့ကြပါပြီ။ အရင်ကလိုမျိုး စမတ်ဖုန်းတွေကို ဆက်သွယ်ရေးအရပဲမဟုတ်တော့တဲ့အပြင်ကိုမှ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖုန်းတစ်လုံးတည်းနဲ့ စိတ်အပမ်းဖြေမလား၊ အလုပ်လုပ်မလား၊ စာသင်မလား စတာတွေအပြင်ကိုမှ ပိုက်ဆံပေးချေမှုတွေ စတဲ့ နိစ္စဒူဝကိစ္စတွေအတွက်ပါ မရှိမဖြစ်လိုအပ်လာတဲ့ အီလက်ထရောနစ်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်လည်း အခုလိုမျိုး လူကြီးကအစ ကလေးအဆုံး ကိုယ်စီဖုန်းလေးတွေကို လက်ကမချနိုင်ဖြစ်လာခဲ့ကြတဲ့ အခြေအနေတစ်ခုမှာဆိုရင် nomophobia လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးလည်း အနောက်က လိုက်လာခဲ့ပါတယ်။

Nomophobia ကို အလွယ်တကူ ဘာသာပြန်မယ်ဆိုရင်တော့ ဖုန်းမရှိဘဲမနေနိုင်တဲ့ စိတ်ရောဂါပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့မရတဲ့အခါ ဖြစ်လာတဲ့ စိုးရိမ်စိတ်လိုမျိုး၊ ဖုန်းပျောက်သွားမှာကို သေမလောက်ကြောက်တာ၊ ဖုန်းအားကုန်တဲ့အချိန်ဆို နေမထိထိုင်သမာဖြစ်တာမျိုး၊ ဖုန်းအသိမ်းခံလိုက်ရတဲ့အခါ စိတ်ရူးပေါက်တဲ့အပြုအမူတွေလိုမျိုး၊ ဖုန်းကို သူများကိုပေးမကိုင်နိုင်ဘဲနဲ့ အလွန်အကျူး ကာကွယ်မိနေတာမျိုး စတာတွေအထိ nomophobia ရဲ့ လက္ခဏာတွေက ပါဝင်နေတတ်ပါတယ်။
၂၀၁၀ ခုနှစ် UK Post Office ရဲ့စစ်တမ်းအရ ဖုန်းအသုံးပြုသူ ၅၃% မှာ nomophobia ရောဂါဖြစ်နေတတ်ပါတယ်ဆိုပြီးတော့ Psychology Today မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာအနှံ့ကစံချိန်ဖြစ်ပြီးတော့ US မှာတော့ ဒီထက်ပိုပြီး ဆိုးလျက်ရှိနေပါတယ်။ US ရဲ့ ၆၅% သော ဖုန်းအသုံးပြုသူတွေဟာ ဖုန်းကို လက်ထဲက မချတတ်ကြဘဲနဲ့ ထက်ဝက်ကျော်ခန့်ဟာ ဖုန်းကို လုံးဝအပိတ်မခံနိုင်ကြပါဘူးတဲ့။

Nomophobia ကို မပြောပလောက်တဲ့ စိတ်ရောဂါလို့ ဆိုကြပေမယ့်လို့ သူဟာ တကယ်တော့ တော်တော်လေးကို အန္တရာယ်ရှိနေတဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒါကြောင့် အခုဆိုရင် တစ်ချို့သော မိဘတွေဟာ ကလေးတွေကို စမတ်ဖုန်းနဲ့ ထိတွေ့မှုတွေကို တင်းတင်းကြပ်ကြပ် အစကတည်းကိုက စီမံပေးတာမျိုးတွေကို ပြုလုပ်လာတဲ့အပြင် ၂၀ နှောင်းပိုင်းကစတဲ့ လူငယ်တွေကိုယ်တိုင်ကိုက ခရီးထွက်တာမျိုးတွေ၊ မိသားစုကို အချိန်ပေးတာမျိုးတွေ၊ စာဖတ်တာ၊ တရားထိုင်တာ၊ အားကစားလိုက်စားတာ စတဲ့ activities တွေနဲ့ စမတ်ဖုန်းတွေနဲ့ အချိန်ကုန်မယ့် အခြေအနေတွေကို အစားထိုးလာခဲ့ကြပါတယ်။
Nomophobia မဖြစ်အောင် အကောင်းဆုံးသော လေ့ကျင့်နည်းတွေကတော့..
- တစ်နေ့ကို နာရီဝက်လောက် ဖုန်းပိတ်ပေးထားပါ
- Screen Time ကို တစ်ပတ်ထက်တစ်ပတ် ပိုလျော့လာအောင် လုပ်ပါ
- တစ်လမှာ တစ်ရက် သို့မဟုတ် နှစ်ရက်ကို ဖုန်းတို့၊ ကွန်ပြူတာတို့၊ တီဗီတို့မကြည့်ဘဲနေပါ
- ညအိပ်တဲ့အခါ အိပ်ယာဝင်ပြီဆိုတာနဲ့ ဖုန်းနဲ့ကိုယ်နဲ့ ၁၅ ပေအကွာမှာ ထားအိပ်ပါ

penny