လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လက်ရှိအချိန်မှာ လူတော်တော်များများကတော့ အိမ်ထဲကအိမ်အပြင်ကို တော်ရုံတန်ရုံကိစ္စရှိတာတောင် မထွက်ကြတော့ပါဘူး။ လူတိုင်းကတော့ ဒီအချိန်အိမ်ထဲမှာချည်းပဲနေနေရတော့ ပျင်းရိနေကြမှာ အမှန်ပါပဲ။ လူတစ်ချို့ကတော့ Drone နဲ့ ငါးမျှားလိုက်၊ ဟိုဘက်တိုက်နဲ့ ဒီဘက်တိုက် တင်းနစ်ရိုက်တိုင်းကစားလိုက် အစရှိသဖြင့် ကိုယ့်ဟာကိုယ်ပဲ ပျော်စရာတွေ လုပ်နေလေ့ရှိပါတယ်။ အခုလည်း အမေရိကန်နိုင်ငံက မိသားစုတစ်စုဟာ သူတို့အိမ်ရှေ့က ဖြတ်မယ်ဆိုရင် ရိုးရိုးလမ်းမလျှောက်ခိုင်းပဲ ဆန်းဆန်းပြားပြားလျှောက်ဖို့ အစီအစဉ်တစ်ခုပြုလုပ်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Michigan မြို့မှာ နေထိုင်တဲ့ Liz Koto မိသားစုဟာ သူတို့အိမ်ရှေ့မှာ ဆိုင်းဘုတ်တစ်ခုစိုက်ထူထားပါတယ်။ အဲဒါကတော့ သူတို့ခြံရှေ့ကဖြတ်တဲ့သူတိုင်းဟာ ရိုးရိုးလမ်းမလျှောက်ရပဲ ဆန်းဆန်းပြားပြားလမ်းလျှောက်ဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီအကြံကိုရရှိခဲ့တဲ့သူကတော့ အဆိုပါမိသားစုမှ Liz လို့အမည်ရတဲ့ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။ သူတို့ခေတ်တုန်းက ကျော်ကြားခဲ့တဲ့ Monty Python Comedy Troupe Show က “The Ministry of Silly Walks ပုံစံကို နမူနာယူပြီး Quarantine ဝင်နေတဲ့ဒီအချိန်မှာ အပျင်းပြေအောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီလူတွေလျှောက်တဲ့ပုံစံတွေကို ကျွန်တော်တို့ Video ရိုက်ပြီး မှတ်တမ်းယူထားပါတယ်။ တော်တော်ရယ်ရတယ်ဗျ။ လူတွေကလည်း ဆိုင်းဘုတ်ကိုတွေ့တာနဲ့ စလျှောက်တော့တာပဲ။ ကျွန်တော်တို့မိသားစုလဲ အိမ်အပေါက်ဝနားလေးမှာ မိသားစုလိုက်ထိုင်ထိုင်ကြည့်နေတတ်ကြပါတယ်” လို့ Liz ကပြောကြားခဲ့ပါတယ်။
အောက်က ဗီဒီယိုတွေကလည်း Liz တို့ အိမ်ရှေ့က ဖြတ်လျှောက်တဲ့လူတွေရဲ့ လမ်းလျှောက်ပုံကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
PYi Hein Kyaw