ထိုင်းနိုင်ငံ Lopburi ပြည်နယ်မှာ ဗြိတိန်လူမျိုး ပီယာနိုအတီးပညာရှင် Paul Barton ဟာ ရာနဲ့ချီတဲ့မျောက်တွေကို ဂန္တဝင်တေးဂီတတွေနဲ့ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ အခုလိုတီးခတ်ရတဲ့ အကြောင်းရင်းကတော့ ကိုဗစ်ကပ်ရောဂါအတွင်း ငတ်မွတ်ခေါင်းပါးမှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့ မျောက်တွေကို နှစ်သိမ့်ပေးလိုတာကြောင့်ဖြစ်တယ်လို့ nypost အရ သိရပါတယ်။

မျောက်ကလေးတွေဟာ ကိုဗစ်ကာလအတွင်းမှာ သူတို့ကို လာရောက်အစာကျွေးမွေးမယ့်ဧည့်သည်တွေ အလာနည်းသွားတာကြောင့် အစာရေစာရှားပါးမှုကို ကြုံတွေ့နေရတာပါ။ အသက် ၅၉နှစ်ရှိပြီဖြစ်တဲ့ Paul Barton ကတော့ မျောက်လေးတွေကို “Greensleeves”, Beethoven ရဲ့Fur Elise နဲ့ Michael Nyman ရဲ့ Diary of Love သီချင်းတွေကို တီးခတ်ပြခဲ့တာပါ။
ဗီဒီယိုထဲမှာတော့ မစ္စတာ Barton ရဲ့ ပခုံးတွေနဲ့ ခေါင်းပေါ်ထိတက်ကာ ဆော့နေတဲ့မျောက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြီးတော့ မျောက်ငယ်တစ်ကောင်က ပီယာနိုးခလုတ်တွေအပေါ် အတက်အဆင်းလုပ်နေလို့ မစ္စတာ Barton ဟာ ပီယာနိုတီးခတ်ဖို့ အာရုံစိုက်နေရသလို အချို့မျောက်တွေကလည်း သူ့ရဲ့ ဂီတသံစဉ်ပါစာရွက်တွေကို ဆွဲယူပြေးဖို့လုပ်ကြတာကိုလည်း တွေ့မြင်ရပါတယ်။
မစ္စတာ Barton ကတော့ “အရိုင်းသတ္တဝါလေးတွေကို အခုလိုတွေ့ခွင့်ရတာ အရမ်းကောင်းတဲ့အခွင့်အရေးပါ။ သူတို့ဆော့ကစားနေလို့ နှောင့်ယှက်နေလို့လည်း ကျွန်တော်လုပ်မယ့်ပရောဂျက်ကို အလျှော့မပေးပါဘူး။” လို့ ဆိုပါတယ်။
မစ္စတာ Barton ဟာ နိုင်ငံတွင်း ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် မျောက်လေးတွေရဲ့ဆာလောင်မွတ်သိပ်မှုကို အခြားလူတွေသတိပြုမိစေဖို့အတွက် အခုလိုကမ်ပိန်းလုပ်ခဲ့တာဖြစ်ပါတယ်။ “မျောက်ကလေးတွေအဖို့ သင့်တော်တဲ့အစားအသောက်စားရဖို့ ကျွန်တော်တို့ကြိုးစားပေးဖို့ လိုပါတယ်။ သူတို့တွေ ဗိုက်ပြည့်တော့မှ စိတ်ငြိမ်လာမယ်။ ဒါဆို ရန်လိုတာတွေလည်းမဖြစ်တော့ပါဘူး။” လို့ မစ္စတာ Baron က ရှင်းပြခဲ့ပါသေးတယ်။
ShweMom