အပူချိန်လွန်ကဲတဲ့ ကားထဲကနေ၊ ကားမှန်ကိုခွဲပြီး ကယ်ထုတ်ခဲ့ရတဲ့ ခွေးနှစ်ကောင်

အင်္ဂလန်နိုင်ငံ၊ ယော့ခ်မြို့မှာ တာဝန်ကျရဲအရာရှိတွေဟာ ကားတစ်စီးထဲကနေ ခွေးလေးတွေကို ကယ်ထုတ်ဖို့အတွက် ကားမှန်ကို ခွဲခဲ့ရပါတယ်။ အဆိုပါကားလေးဟာ အနီရောင်ဖြစ်ပြီး ကားပိုင်ရှင်ဟာ နေ့လည်ပိုင်း အပူချိန်အမြင့်ဆုံးအချိန်မှာ ခွေးနှစ်ကောင်ကို အလုံပိတ်ကာ ကားထဲမှာ ထားခဲ့တာပါ။

SWNS

အပူချိန်ဟာ (၂၈)ဒီဂရီအထိ ရှိနေပြီး ကားစက်ရဲ့အပူချိန်ကြောင့် ခွေးလေးတွေဟာ ဒီထက်မကတဲ့ အပူချိန်ကို ခံစားရတော့မှာ မလွဲပါဘူး။ အလုံပိတ်ထားတဲ့အတွက် နာရီပိုင်းအတွင်းမှာ အသက်သေဆုံးနိုင်ချေရှိပါတယ်။ ခွေးလေးတွေကတော့ လက်ဘရာဒေါအမျိုးအစား ခွေးလေးတွေဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ဒီကားလေးထဲမှာ မိနစ်(၃၀)ကြာ ပိတ်လှောင်ခံထားခဲ့ရပါတယ်။

SWNS

ရဲအရာရှိနှစ်ဦးအနက် တစ်ဦးက ကားတံခါးကို ဖွင့်ဖို့ကြိုးစားနေချိန်မှာတောင် အပူရှိန်ကို ခံစားခဲ့ရကြောင်း၊ ဒီလိုနဲ့ မှန်တံခါးကို ရိုက်ခွဲပြီး ဖွင့်လိုက်ခြင်းဟာ အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း ဆိုပါတယ်။ ကယ်ဆယ်ပြီးနောက်မှာတော့ ခွေးလေးတွေကို တိရစ္ဆာန်ညှဉ်းပန်းနှိက်စက်မှု ကာကွယ်ရေးအဖွဲ့ RSPCA ထံဆက်သွယ်ကာ ပို့ပေးခဲ့ပါတယ်။

READ
ဗိုင်းရပ်စ်ကြောင့် အလုပ်ပြုတ်ခဲ့ပေမယ့် ထီပေါက်ပြီးသူဌေးဖြစ်သွားတဲ့အမျိုးသား
SWNS

RSPCA အဖွဲ့က ခွေးလေးတွေကို ရှေးဦးသူနာပြုစုနည်းတွေနဲ့ အရင်ဆုံး ကုသပေးခဲ့ပြီး ရေအေးအေးလေး ချိုးပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ခွေးပိုင်ရှင်တွေကိုလည်း RSPCA က တရားစွဲဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ယော့ခ်ရှိုင်းယားမြောက်ပိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း အခုလို ပြောခဲ့ပါတယ်။

SWNS

“အခုအဖြစ်အပျက်က တော်တော်လေးကို စိတ်ပျက်စရာဆိုတာ သံသယရှိစရာ မလိုပါဘူး … အဲဒီကားကို ဖွင့်ဖို့ကြိုးစားတဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးတောင် စက္ကန့်(၃၀)လောက်အတွင်းမှာ အတော်လေး အသက်ရှူရ ခက်ခဲခဲ့တာပါ … ဒီတော့ ကိုယ့်ရဲ့ပူလောင်တဲ့ ကားထဲမှာ ခွေးတွေကို ဘယ်တော့မှပိတ်မထားခဲ့နဲ့လို့ ပြောပါရစေ … ဒါမျိုးကို ဘယ်နှခါ သတိပေးနေရပါမလဲ” လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE