ခေတ်ပေါ်နည်းပညာပစ္စည်းတွေက အဘက်ဘက်မှာ အကူအညီဖြစ်နေစေပေမယ့် ရဲတွေအသုံးပြုတဲ့ မျက်နှာခွဲခြားမှု နည်းပညာကတော့ လိုအပ်မှုတွေ ရှိပါသေးတယ်။ အင်္ဂလန်နိုင်ငံ ဝါဝစ်ရှိုင်းယားက ရဲတွေကတော့ E-fit နည်းပညာကို သုံးပြီး ဖောက်ထွင်းမှုတစ်ခုက သံသယရှိသူမျက်နှာကို ဝရမ်းထုတ်ခဲ့ရာ သွားအကြီးကြီးနဲ့ မျက်နှာထွက်လာခဲ့ပါတယ်။ တွစ်တာပေါ်တင်လိုက်တဲ့ တရားခံရဲ့ မျက်နှာကြောင့် အင်တာနက်မှာလည်း အပြောင်အပျက်ကောမန့်တွေ တက်လာဖို့ သိပ်မကြာလိုက်ပါဘူး။

တရားခံက တကယ်လည်း အဲ့လိုပုံဖြစ်ရင်ဖြစ်နေလောက်ပေမယ့် သဘာဝမကျဘူးလို့လည်း ထင်ရတာကို ပြောတာပါ။ အချို့တွေက တရားခံရဲ့ မျက်နှာကို Alice in Wonderland ကာတွန်းကားထဲက ချက်ရှိုင်းယားကြောင်ကြီးနဲ့ နှိုင်းယှဉ်ပြီး အချို့တွေကလည်း ကလေးအစီအစဉ် Rainbow ထဲက Zippy၊ The Simpsons ကာတွန်းထဲက Moe ဇာတ်ကောင် စတာတွေနဲ့လည်း နှိုင်းယှဉ်နောက်ပြောင်ခဲ့ကြပါတယ်။

အချို့တွေကလည်း April Fool နေ့ပြီးသွားတာတောင် ဆက်နောက်နေတုန်းလားဆိုကာ ကောမန့်ပေးခဲ့ကြပါတယ်။ ဖောက်ထွင်းမှုကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၅)ရက်တုန်းက လူနှစ်ယောက်ဟာ (၄၀)ဝန်းကျင်အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ လှည့်ဖျားပြီး ငွေတွေခိုးထုတ်ခဲ့တာဖြစ်ပါတယ်။ လူတစ်ယောက်က အမျိုးသမီးကို အာရုံလွှဲနေတုန်း ကျန်တဲ့တစ်ယောက် အိမ်ထဲဝင်ပြီး ပိုက်ဆံခိုးထုတ်ခဲ့တာပါ။

အလားတူဖြစ်ရပ်မျိုးရှောင်ရှားဖို့ အိမ်တံခါးတွေမှာ သံကြိုးတွေ ချည်ထားသင့်ပြီး လူစိမ်းတွေကို အထူးသတိထားသင့်ကြောင်း ရဲစခန်းက သတိပေးထားပါတယ်။ တရားခံကိုတော့ ဖမ်းမိကြောင်း မကြားရသေးပါဘူး။
White (Shwemom)
Ref: Lad Bible