ရဟတ်ယာဉ်ကို အသုံးပြုပြီး တကူးတက နေရာပြောင်းပေးခဲ့ရတဲ့ ဆိတ်အုပ်ကြီး

YouTube_CBS

သားရိုင်းတိရစ္ဆာန်ပဲဖြစ်ဖြစ် လူတွေမွေးထားလို့ ယဉ်ပါးတဲ့ မွေးမြူရေးတိရစ္ဆာန်ပဲဖြစ်ဖြစ် ဆားအာဟာရဓာတ် လိုအပ်ကြပါတယ်။ လူတွေကတော့ မိမိတို့စားတဲ့ အစားအစာထဲမှာ ဆားလေးထည့်လိုက်၊ အရသာမှုန့်လေးထည့်လိုက်နဲ့ ပြုပြင်စားသောက်တတ်ကြပေမယ့် တိရစ္ဆာန်တွေကတော့ အစာအစားကို ဖွယ်ဖွယ်ရာရာ စားသောက်ဖို့ မလွယ်ပါဘူး။

ဒါကြောင့် လိုအပ်တဲ့အာဟာရဓာတ်ကို သဘာဝအတိုင်း ရှာဖွေကြရပါတယ်။ ရေဓာတ်အတွက် စမ်းချောင်းလေးတွေ၊ စိမ့်စမ့်လေးတွေကို အားကိုးရသလို၊ ဆားဓာတ်အတွက်တော့ အချဉ်ပေါက် (အက်စစ်ပေါက်)နေတဲ့မြေကို လျှာနဲ့လျက်ကြရပါတယ်။ ဆားပေါက်မြေဟာ သဘာဝအတိုင်း ဖြစ်လေ့ရှိပြီး၊ တချို့အရပ်ဒေသေတွေမှာ တိရစ္ဆာန်တွေ လျက်ပါများလို့ ဆားတွင်းကြီးတွေ၊ ဆားလိုဏ်ဂူကြီးတွေ ဖြစ်နေတတ်ပါတယ်။

အခုလည်း စွန့်စားရတာကို ကြိုက်တဲ့ ဆိတ်အုပ်ကြီးဟာ တောင်တက်သမားတွေရဲ့ ဆီးစွန့်ရာကနေဖြစ်လာတဲ့ ဆားပေါက်မြေအတွက် ဝေးလံတဲ့တောင်ပေါ်အထိ တက်ပြီး ဆားပေါက်မြေ ရှာကြပါတယ်။ ဆားပေါက်မြေအတွက် ဆိတ်အကောင်ရေ ရာနဲ့ချီ ရောက်လာလေ့ရှိပြီး၊ ခရီးသွားတွေအတွက်လည်း တစ်စုံတစ်ခုသော အန္တရာယ်ရှိလာနိုင်လို့ သက်ဆိုင်ရာက ဆိတ်တွေကို ရဟတ်ယာဉ်တွေနဲ့ ဖယ်ရှားနေရပါတယ်။

ဒီအဖြစ်အပျက်ကတော့ အမေရိကန်၊ ဝါရှင်တန်ပြည်နယ်၊ Olympic Mountain Ranges မှာ ဖြစ်ခဲ့တာပါ။ အဆိုပါဒေသမှာ သဘာဝဆားပေါက်မြေတွေ မရနိုင်တဲ့အတွက် ဆိတ်တွေဟာ တောင်တန်းတွေပေါ်အထိ နယ်ကျွံရောက်လာပြီး၊ တောင်တက်သမားတွေ၊ ခရီးသွားတွေ၊ လေ့လာရေးအဖွဲ့တွေစွန့်တဲ့ဆီးကနေ ရလာတဲ့ ဆားပေါက်မြေကို မှီခိုကြရတာပါ။

ဆိတ်တွေဟာ ဘယ်လောက်အထိ အတင့်ရဲသလဲဆိုရင် ခရီးသွားတွေ တစ်စခန်းချကြတဲ့ Cascade မှ Campsite တွေအနီးမှာ ကျင်လည်ရင်း၊ ဆီးစွန့်ဖို့ကိုတောင် မဝံမရဲဖြစ်ရပါတယ်တဲ့။ တစ်ခါတလေမှာ မြေတွေကို လက်တွေနဲ့ကုတ်ခြစ်တာတွေ၊ တွင်းတူးတာတွေ၊ လူတွေအနီးကို ချဉ်းကပ်ပြီး ရန်ပြုလိုတဲ့အရိပ်အယောင်တွေ တွေ့ရပါသတဲ့။

Washington’s National Park Service ရဲ့အဆိုအရ ဆိတ်တွေဟာ တောင်တက်သမားတွေကို အမျိုးမျိုး အနှောက်အယှက်ပေးတဲ့အတွက် တစ်ချိန်ချိန်မှာ ခရီးသွားတွေကို သေစေတဲ့အထိ၊ ဒါမှဟုတ် ဒဏ်ရာပြင်းထန်စွာ ရစေနိုင်သည်အထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ (၂၀၁၀)ခုနှစ်တုန်းက ခရီးသွားတစ်ဦးကို ဆိတ်တစ်ကောင်က ဝှေ့ခဲ့လို့ သွေးထွက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ Washington’s National Park Service မှ အဖွဲ့ဝင်တွေဟာ ဆိတ်တွေကို ရဟတ်ယာဉ်နဲ့ ဘေးလွတ်ရာရွှေ့ပေးခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်ကတည်းက ဒီစီမံကိန်းကို စတင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် စုစုပေါင်း ဆိတ်(၃၈၁)ကောင်အထိ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ပြီးပြီလို့ သိရပါတယ်။

Salt-loving goats airlifted to new home after pestering hikers for urine and sweat

Salt-loving goats airlifted to new home after pestering hikers for urine and sweat

Posted by The Independent on Monday, August 24, 2020

Washington’s National Park Service အဖွဲ့အနေနဲ့ ဆိတ်တွေကို အရင်ဆုံး ရဟတ်ယာဉ်နဲ့ လိုက်လံခြေရာခံပြီး၊ မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ကာ ပြီးမှ ရဟတ်ယာဉ်နဲ့ ပြန်လည်သယ်ဆောင်တဲ့အဆင့်ကို လုပ်ပါတယ်။ ဆိတ်ကလည်း လူစိမ်းဆိုရင် ဖမ်းရခက်တဲ့သတ္တဝါဖြစ်တာကြောင့် အခုလိုနည်းကို သုံးရတာလို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ဆိတ်တွေကို အရင်ဆုံး ခြေရာခံစက် ထည့်သွင်းပေးပြီး၊ ယင်းနောက် ကျန်းမာရေးပိုင်း စစ်ဆေးကာ၊ သတ်မှတ်ထားတဲ့ စာကျက်မှာ ပြန်လွှတ်ခဲ့တာလို့ သိရပါတယ်။ တချိ့သောဆိတ်တွေမှာတော့ သယ်ဆောင်စဉ်၊ ထိန်းသိမ်းစဉ်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိပြီး အသက်ဆုံးပါးမှုတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ National Forest Wildlife’s Monte Kuk အဖွဲ့ရဲ့အဆိုအရ ဒီပရောဂျက်က အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

လင်းသုတ

SHARE