အမျိုးသားတစ်ယောက်ဟာ တစ်နေ့ သူ့အိပ်ရာပေါ်မှာ သစ်ကိုင်းခြောက်တွေ၊ အသီးခြောက်တွေနဲ့ အသိုက်တစ်ခုနဲ့အတူ မွေးကင်းစ ရှဥ့်နီတာရဲလေး နှစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ရှဉ့်ကလေးတွေကို သူတို့အမေကြီးနဲ့ ပြန်လည်ပေါင်းစည်းပေးဖို့ တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာက ၀န်ထမ်းတွေကို အကူအညီတောင်းခဲ့ပေမယ့် အဆင်မပြေပါဘူး။ ရှဥ့်မကြီးက ရှဥ့်ကလေးတွေကို ထားပြီး ပြန်မလာတော့ပါဘူး။
မကြာခင်မှာပဲ ရှဉ့်ကလေးတစ်ကောင်ဟာ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ကျန်တဲ့ရှဥ့်ကလေးကို ရှင်အောင်မွေးဖို့ တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာက ၀န်ထမ်းတွေဖြစ်တဲ့ ခရစ္စတီးနားနဲ့ မိုက်ကယ်တို့က ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှဥ့်ကလေးဟာ ရှဥ့်မလေးဖြစ်ပြီး မိုက်ကယ်တို့ကတော့ သူ့ကို Thumbelina လို့ နာမည်ပေးထားပါတယ်။ Thumbelina ဟာ မွေးချင်းညီအမကလည်း သေသွားတာကြောင့် တစ်ကောင်တည်း ကြီးပြင်းလာခဲ့ရပါတယ်။

သူနဲ့ရွယ်တူ ရှဉ့်တွေက အခြားအသီးအနှံတွေစားပြီး ပျော်နေချိန်မှာ Thumbelina ဟာ နို့ဘူးစို့နေရတဲ့ ကလေးကြီးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ Thumbelina ဟာ တခြားရှဉ့်တွေနဲ့ မတူတာက ခုန်ပျံကျော်လွှားတာ၊ သစ်ပင်တက်တာတွေကို စိတ်မ၀င်စားတာပါ။ ပြေးလွှားရမယ့်အစား ရှဉ့်မလေးက လမ်းလျှောက်သလို သစ်ပင်တက်ရမယ့်အစား ဆောင့်ကြောင့်ထိုင်တတ်ပါတယ်။
မွေးစားမိဘတွေဖြစ်တဲ့ ခရစ္စတီးနားနဲ့ မိုက်ကယ်တို့ဟာ Thumbelina ကို အခြားရှဉ့်တွေနဲ့ မိတ်ဆက်ပေးပါသေးတယ်။ ဒါပေမယ့် သူမက ရှဉ့်တွေကို လုံးဝစိတ်မ၀င်စားတာပါ။ “ကလေးအနေနဲ့ သူ့ကိုယ်သူ ဘယ်လိုထင်လဲတော့ မသိဘူး။ Thumbelina ကို ကြည့်ရတာ ရှဉ့်မဟုတ်သလိုပါပဲ” လို့ မိဘတွေက ဆိုတဲ့အထိပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ရှဉ့်မလေးဟာ သူမရဲ့ မွေးစားမိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ Thumbelina ဟာ ဘိုစားပဲနဲ့ ထောပတ်သီးလို အသီးအနှံမျိုးတွေကို အရမ်းနှစ်သက်ပါတယ်။ အပြင်ထွက်ရတာကို Thumbelina က မုန်းပြီး ရာသီဥတုအေးတာ၊ တခြားရှဉ့်တွေနဲ့ ကစားရတာကိုလည်း မကြိုက်ပါဘူး။ ဒါ့အပြင် သူမက ဖုန်စုပ်စက်ကိုလည်း မုန်းသေးကြောင်း သိရပါတယ်။ Thumbelina လေးတစ်ကောင် မွေးကင်းစကစလို့ အိမ်မွေးသတ္တဝါလေးအဖြစ် လှပစွာ ကြီးပြင်းလာပုံလေးတွေကို ကြည့်လိုက်ကြပါဦး..။











လင်းလင်း (ShweMom)
Ref: boredpanda