ရှန်ဟိုင်းမှ ကျောင်းသူလေး (၄၅) ဦးပါဝင်တဲ့ အကအဖွဲ့တစ်ဖွဲ့ဟာ ဟောင်ကောင်က ဘီလျံနာသူဌေးကြီး လီကာရှင်းနဲ့ ဂျပန်လေဆိပ်မှာ အမှတ်မထင် တွေ့ဆုံခဲ့ပြီးတဲ့နောက် သူဌေးကြီးရဲ့ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းမှုကို လက်ခံရရှိခဲ့ကြောင်း nextshark သတင်းဌာနမှာ တွေ့ရှိရပါတယ်။ အဆိုပါအကအဖွဲ့လေးဟာ Little Pigeon အမည်ရတဲ့ အဖွဲ့ဖြစ်ပြီး အကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဟိုကိုင်းဒိုးကျွန်း New Chitose လေဆိပ်ကို ရောက်ရှိနေခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ သူဌေးကြီး လီကာရှင်းကလည်း လေဆိပ်မှာပဲ ရှိနေခဲ့တာကြောင့် ကလေးတွေရဲ့ အပြုအမူလေးတွေကို မြင်ပြီး နှစ်သက်သွားတာ ဖြစ်ပါတယ်။ သူဌေးကြီးဟာ ကလေးတွေနဲ့ ရှိနေရတာကို ပျော်ရွှင်ကျေနပ်နေပုံရပြီး သူတို့လေးတွေနဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ထို့နောက်မှာတော့ လီကာရှင်းဖောင်ဒေးရှင်းကနေ အကအဖွဲ့ကို ကလေးတွေရဲ့ ဂျပန်ခရီးစဉ်ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပါမယ်ဆိုပြီး ဆက်သွယ်လာတာ ဖြစ်ပါတယ်။

ကလေးတွေဟာ သူဌေးကြီးကို ကျန်းမာပါစေကြောင်း ဆုတောင်းပေးတဲ့ ဗီဒီယိုတိုလေးတစ်ခုလည်း ရိုက်ကူးခဲ့ပါတယ်။ လီကာရှင်းဟာ အကအဖွဲ့အတွက် အထွေထွေကုန်ကျစရိတ်ကို ထောက်ပံ့ရုံတင်မကပါဘူး။ ကလေးတွေကို လိုချင်တဲ့အမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုစီ ယူကြဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
အကအဖွဲ့ရဲ့ ဆရာမတစ်ယောက်ဖြစ်သူ လီကတော့ “… ကလေးတွေကို လေဆိပ်မှာ တွေ့ပြီးတဲ့နောက်ပိုင်း သူဌေးကြီးက တော်တော်ချစ်သွားခဲ့တာပါ။ ခရီးစရိတ် ကုန်ကျငွေကို အားလုံးပေးမယ်ဆိုပြီး သူဆုံးဖြတ်ခဲ့တာပါ..” လို့ ပြောပြပါတယ်။ ကလေးတွေရဲ့ ဂျပန်ခရီးစဉ်ဟာ စုစုပေါင်း ဒေါ်လာ (၁၂၀,၀၀၀) ကုန်ကျခဲ့တာကြောင့် ကလေးတစ်ဦးကို ပျမ်းမျှ(၂,၇၀၀) လောက် ကုန်ကျမှာပါ။

ကလေးမိခင်တစ်ဦးဖြစ်သူ ကျန်းကတော့ သူမရဲ့ သမီးလေးဟာ သူဌေးကြီးရဲ့ အမှတ်တရလက်ဆောင်အဖြစ်နဲ့ ခဲဖျက်လေးတစ်ခုကို ယူခဲ့တယ်လို့ ဆိုပါတယ်။ လက်ဆောင်ပစ္စည်းဆိုတာဟာ ဈေးကြီးတာ၊ နည်းတာနဲ့ မဆိုင်ပဲ သူတစ်ပါးရဲ့ စေတနာကို နားလည်ပြီး မိမိကိုယ်ကို နှိမ့်ချတတ်ရမယ်လို့လည်း ကျန်းက လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။
သူဌေးကြီးလီကာရှင်းဟာ တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်ဇာတိဖြစ်ပေမယ့် ကလေးအရွယ်ကတည်းက ဟောင်ကောင်ကို ရွှေ့ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အသက်(၉၁) နှစ်ရှိပြီဖြစ်တဲ့ လီကာရှင်းဟာ ဒေါ်လာ(၃၁.၇) ဘီလီယံကြွယ်ဝချမ်းသာလျက်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အဆင့်(၂၈) နေရာမှာ ရှိနေကြောင်း သိရပါတယ်။
လင်းလင်း (ShweMom)