မိဘတွေအနေနဲ့ ကလေးတွေကို အရုပ်တွေ၊ ကစားစရာတွေ ၀ယ်ပေးတော့မယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပလတ်စတစ် PVC အရုပ်တွေဟာ ကလေးတွေအတွက် အန္တရာယ်အများကြီး ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ တကယ်လို့ စာဖတ်သူက ထိုင်းနိုင်ငံရောက်နေတယ်ဆိုရင်တော့ ပွဲတော်ချိန်တွေမှာ ပလတစ်စတစ်အရုပ်တွေကို ကလေးဆော့ဖို့ဆိုပြီး ၀ယ်လာတာမျိုးတွေ သတိပြုသင့်ပါတယ်။
China Press အရ ထိုင်းနိုင်ငံ စားသုံးသူများအခွင့်အရေး အေဂျင်စီဟာ မကြာသေးခင်ကမှ စစ်ဆေးမှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ၄င်းစစ်ဆေးမှူထဲမှာတော့ အာဏာပိုင်တွေဟာ ဒေသခံမြို့တွေဆီက ရှော့ပင်းမောလ်တွေကနေ ကလေးတွေဆော့တဲ့ အရုပ်တွေနဲ့ PVC ပလတ်စတစ်အရုပ်တွေကို ၀ယ်ယူခဲ့ပါတယ်။ အကြောင်းရင်းကတော့ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေဟာ အခုလို အရုပ်တွေကို အဆော့များကြတဲ့အတွက် ဒီအရုပ်တွေက ကလေးတွေရဲ့ ကျန်းမာရေးကို တကယ်ပဲ အန္တရာယ်ဖြစ်စေသလားဆိုတာ စစ်ဆေးလိုတဲ့ အတွက်ကြောင့်ပါ။

ဥပမာ ပလတ်စတစ်အရုပ်တွေဆိုရင် အရုပ်ပေါ်မှာ ထပ်ဖုံးထားတဲ့ ပလတ်စတစ်သားဟာ တကယ်ပဲ ကလေးအတွက် အန္တရာယ်ကင်းရဲ့လားဆိုတာ စစ်ဆေးချင်တာပဲ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်အပြီးမှာတော့ အရုပ်(၁၈) ရုပ်ရဲ့ အပေါ်က ထပ်အုပ်ထားတဲ့ ပလတ်စတစ်သားတွေမှာ phthalate ပါဝင်မှူနှူန်းဟာ သတ်မှတ်ထားတာထက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။
Phthalates တွေဆိုတာက စက်မှူလက်မှူလုပ်ငန်းသုံး PVC ပလတ်စတစ်တွေမှာသုံးတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းဟာ မျိုးပွားစနစ်၊ အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တို့ကို ပြင်းထန်စွာ ပျက်စီးစေနိုင်သလို မြုံခြင်း၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ အလားအလာများခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီဓာတုပစ္စည်းကို အလှကုန်ပစ္စည်းတွေအပြင် ကလေးကစားစရာအရုပ်တွေနဲ့ အစားအသောက် ထုတ်ပိုးပြင်ဆင်ရာမှာ တွေ့ရတတ်တာကြောင့် ဒီဓာတုပစ္စည်းဟာ သတ်မှတ်ထားတဲ့အချိုးအစားထက် ပိုလွန်တဲ့အခါ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

လေ့လာချက်တွေအရတော့ Phthalates တွေကို ပမာဏအများကြီး အလွန်အကျွံသုံးစွဲခဲ့ရင် လူနဲ့ တိရစ္ဆာန်တို့ရဲ့ မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကို မကောင်းတဲ့ ရလဒ်ဆိုးကျိုးတွေပေးနိုင်တယ်လို့ ဆိုပါတယ်။ ဟော်မုန်းမမျှတမှူတွေဖြစ်ပြီး မျိုးပွားအင်္ဂါ အဆိပ်သင့်ကာ ကလေးအရွယ် အထူးသဖြင့် ယောက်ျားလေးတွေမှာဆိုရင် မျိုးပွားအင်္ဂါ ပုံမှန်မဟုတ်တာမျိုး တွေ့ကြုံရနိုင်တယ်လို့ သိရပါတယ်။ ပလတ်စတစ်အရုပ်တွေအပြင် အစားအသောက်ပေါ် ပလတ်စတစ်အုပ်ပြီး နွှေးတာ၊ အစားအသောက်ကို အရည်အသွေးနိမ့် ပလတ်စတစ်ဘူးတွေထဲထည့်တာ၊ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေကို အသုံးပြုတာ စတာတွေကလည်း ကလေးတွေအတွက် အန္တရာယ်ဖြစ်စေတာကြောင့် မိဘတွေအနေနဲ့ သတိပြုသင့်ကြောင်း worldofbuzz သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။
လင်းလင်း (ShweMom)