၂၀၂၀ အတွင်းခေတ်စားလာမယ့် အရာတစ်ခုကတော့ 5G ကွန်ယက် ပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေက 5G စနစ်ကို အသက်ဝင်လာဖို့ အပြင်းအထန်ကြိုးစားနေရခဲ့ပါတယ်။ အခု အဲဒီ ကြိုးစားမှုရဲ့ အသီးအပွင့်ကတော့ အခု ၂၀၂၀ မှာ 5G ဖုန်းတွေ၊ တက်ဘလတ်တွေ ထွက်ရှိလာတာပါ။

အခုတစ်ခေါက် 5G စနစ်သုံးတက်ဘလတ်တစ်လုံးကို ဆမ်ဆောင်းက တရားဝင် ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း The Verge ၀က်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။
Samsung Galaxy Tab S6 5Gလို့ အမည်ပေးထားတဲ့ ဆမ်ဆောင်းရဲ့ တက်ဘလတ်ဟာ အရင်က ဆမ်ဆောင်းရဲ့ တက်ဘလတ်တွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတယ်လို့ ဆိုပါတယ်။ လုံးဝ ကွဲပြားခြားနားနေတယ်လို့ ဆိုပေမယ့် အခု Samsung Galaxy Tab S6 5G က သူ့အရင်က ထွက်ရှိခဲ့တဲ့ Samsung Galaxy Tab S6 နဲ့ ပုံစံ သိပ်မပြောင်းလဲသလိုပါပဲ။ ပိုကောင်းလာမယ့် တစ်ခုကတော့ modem ပဲဖြစ်ပါတယ်။ တက်ဘလတ်အသစ်မှာတော့ 5G စနစ်ကို ထောက်ပံ့မှုပေးနိုင်တဲ့ Snapdragon X50 5G modem ပဲဖြစ်ပါတယ်။

အခု Samsung Galaxy Tab S6 5G ကိုတော့ ထုံးစံအတိုင်း OLED Displayကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၁၀.၅ လက်မအကျယ်ရှိပါတယ်။ chipset ကိုလည်း Snapdragon 855 ကို အသုံးပြုထားတာ တွေ့ရတယ်။ RAM ပိုင်းကတော့ 6GB ပဲ ရှိပါတယ်။ Storage ကတော့ 128 GB ရှိပါတယ်။ S Pen ပါဝင်တာကိုလည်း သတိပြုမိပါတယ်။


အခုလက်ရှိအချိန်မှာတော့ Samsung Galaxy Tab S6 5G ကိုတော့ တောင်ကိုရီးယားတစ်နိုင်ငံတည်းမှာသာ ရောင်းချပေးနေပါတယ်။ တစ်ကမ္ဘာလုံးကို ဘယ်နေ့ စဖြန့်မလဲဆိုတာကိုတော့ မကြေငြာသေးပါဘူး။ လာမယ့် ဖေဖော်ဝါရီ (၁၁) ဆမ်ဆောင်းက လုပ်မယ့် Unpacked ပွဲမှာတော့ ထုတ်ပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၈၄၈) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
Ye Yint Kyaw