ပြီးခဲ့တဲ့ရက်သတ္တပတ်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမှုထမ်းခွေးလေးတွေဟာ ဒစ်စနီလန်းသို့ မမေ့နိုင်စရာ လေ့လာရေးခရီးတစ်ခု ထွက်ခဲ့ပါတယ်။ ခွေးလေးတွေက ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Canine Companions အသင်းအဖွဲ့ဝင်တွေဖြစ်ပြီး မျက်မမြင်လမ်းပြခြင်း၊ မသန်စွမ်းတွေကို ကူညီပေးခြင်းနဲ့ စစ်တပ်အကူလုပ်ခြင်း စတာတွေမှာ ဝန်ဆောင်မှုပေးဖို့ လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းတွေထဲက တစ်ခုအဖြစ် ခွေးလေးတွေကို လူတွေနဲ့ ပိုရင်းနှီးကျွမ်းဝင်စေဖို့ အခုလို လူအသွားအလာများတဲ့ ကစားကွင်းသို့ ပို့ပေးခြင်းဖြစ်ပါတယ်။ လေ့လာရေးခရီးကို ဦးဆောင်လာတဲ့ ကန်ဒရာကလက်ဆိုသူကတော့ ဒစ်စနီလန်းဟာ ခွေးလေးတွေအတွက် လူအုပ်နဲ့ ကျွမ်းဝင်စေခြင်း၊ အသံကျယ်တွေကို ကျင့်သားရစေခြင်း၊ အမြင်နဲ့ အနံ့မျိုးစုံကို သိစေခြင်း၊ လူမျိုးစုံကို တွေ့စေခြင်းစတဲ့ လေ့ကျင့်မှုတွေလုပ်ဖို့ အသင့်တော်ဆုံးနေရာဖြစ်ကြောင်း ဆိုပါတယ်။

Nicole Brown ဆိုတဲ့အမျိုးသမီးကတော့ ကစားကွင်းမှာ အမှုထမ်းခွေးလေးတွေကို တွေ့ခဲ့ရတဲ့ ထူးခြားအတွေ့အကြုံအကြောင်းကို တင်ခဲ့ပါတယ်။ ခွေးလေးတွေကို ချစ်တတ်တဲ့သူမဟာ မစ်ကီမောက်ဘီးကုတ်လေးတွေ တပ်ထားတဲ့ ခွေးလေးတွေကို တွေ့ရတာ အရမ်းကိုချစ်စရာကောင်းပြီး လူတွေသူတို့ကို အာရုံစိုက်နေတာကိုလည်း သဘောကျနေခဲ့ကြကြောင်း ပြောပါတယ်။

တစ်နေ့မှာ လူတွေရဲ့ အကျိုးကို သယ်ပိုးမယ့် ခွေးလေးတွေအတွက် ဒီပျော်ရွှင်စရာလေ့ကျင့်ရေးခရီးစဉ်ဟာ အောင်မြင်ခဲ့ပြီး နောက်လအနည်းငယ်အကြာမှာလည်း အလားတူခရီးမျိုး ထပ်ထွက်မှာဖြစ်ကြောင်း သိရပါတယ်။ ၎င်းပရောဂျက်ကြောင့် အကျိုးပြုမယ့် ခွေးလေးတွေအကြောင်းအပြင် Canine Companions ရဲ့ ရည်ရွယ်ချက်တွေကိုပါ ပြည်သူလူထုက သိရှိသွားခဲ့ပါတယ်။ ခွေးလိမ္မာလေးတွေရဲ့ ပျော်ရွှင်နေပုံကိုတွေ့ရတာ တကယ့်ကို ချစ်စရာကောင်းလှပါတယ်။



White (Shwemom)
Ref: The Dodo