တာဝန်အတူ ထမ်းဆောင်တဲ့ ခွေးလေး သေဆုံးသွားလို့ ငိုကျွေးခဲ့တဲ့ စစ်သားကြီးရဲ့အဖြစ်

Douyin/ShandongFirePortection

ချစ်ခြင်းမေတ္တာဆိုတာ အလွှာမခြားပါဘူး။ နယ်ပယ်စုံမှာ အချစ်ကို မတူညီတဲ့ပုံစံတွေနဲ့ လက်ခံရရှိနိုင်သလို၊ လူရယ် တိရစ္ဆာန်ရယ်လို့ မခြားနား အချင်းချင်း သံယောဇဉ်ဖြစ်ခွင့်၊ ကြင်နာခွင့်၊ စာနာထောက်ထားခွင့်တွေ ရှိကြပါတယ်။ အနေကြာလာတဲ့အခါ ခြားနေတဲ့အလွှာတွေဟာ ပိုပိုပါးလာပြီး၊ လူရယ်တိရစ္ဆာန်ရယ် ပဓာနမဟုတ်တော့ဘဲ မွေးချင်းညီအစ်ကိုတွေလို၊ ညီအစ်မတွေလို၊ ဒါမှမဟုတ် သားသမီးတွေလို သံယောဇဉ်တွေ တွယ်သွားတတ်တာဟာ ချစ်ခြင်းမေတ္တာရဲ့ တန်ခိုးဖြစ်ပါတယ်။ အခု တရုတ်စစ်သားကြီးကို ကြည့်လိုက်ပါဦး။

စစ်သားကြီးရဲ့အမည်ကတော့ Wang Rujian ဖြစ်ပါတယ်။ သူရဲ့အချစ်တော် အနံ့ခံခွေးလေး Tianbao ဟာ ရောဂါပြင်းထန်ပြီး သေဆုံးသွားခဲ့ရာ၊ ခွေးလေးရဲ့ဈာပနမှာ Wang အဖို့ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ (၁၂)နှစ်ကြာ အတူလက်တွဲပြီး တာဝန်ထမ်းဆောင်ခဲ့ကြသူတွေပါ။

Douyin/ShandongFirePortection

Tianbao ကို Shandong Search and Rescue Dog Professional Mobile Detachment အဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့ပြီး၊ မီးဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ရှေ့တန်းနေရာတွေမှာ အသုံးချဖို့ ရည်ရွယ်ခဲ့ပါတယ်။ Tianbao ရဲ့အဓိပ္ပါယ်ကတော့ “ကောင်းကင်ဘုံက ရတနာ”လို့ သိရပါတယ်။ ခွေးလေးဟာ ပြီးခဲ့တဲ့လက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ရတာပါ။

Tianbao ကို သြဂုတ်လ(၁၉)ရက် ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့ကြပါတယ်။ စစ်သားကြီးဖြစ်တဲ့ Wang ဟာ နောက်ဆုံးခရီးမှာ ဖြေမဆည်နိုင်ဖြစ်ရပြီး၊ Tianbao ရဲ့အလောင်းထည့်ထားတဲ့ အထိမ်းအမှတ်အုတ်ဂူလေးကို ဖက်ပြီးအချိန်တော်တော်ကြာအောင် အားရပါးရ ငိုကျွေးခဲ့ပါတယ်။ ဒီအခမ်းအနားကို ရှန်ဒေါင်မှာ ကျင်းပခဲ့တာပါ။

Douyin/ShandongFirePortection

Wang က “ Tianbao ရေ မင်းကိုပိုင်ဆိုင်ခဲ့ရတာ အားလုံး ထိုက်တန်ခဲ့ပါတယ် … မင်း ကောင်းကောင်းအိပ်စက် အနားယူနိုင်ပါပြီ … ”လို့ ပြောခဲ့ပါတယ်။ Wang ဟာ Tianbao ကို (၂၀၀၈)ခုနှစ်ကတည်းက အနံ့ခံခွေးကောင်းတစ်ကောင်ဖြစ်အောင် ကိုယ်တိုင် သင်ကြားပေးခဲ့ရသူလည်း ဖြစ်ပါတယ်။

Shandong Firefighting Department ရဲ့အဆိုအရ Wang နဲ့ Tianbao တို့ဟာ အဓိက စစ်ဆင်ရေး (၃၀)လောက်မှာ အတူအတူ တာဝန်တွေထမ်းဆောင်ခဲ့ကြပါသတဲ့။ (၂၀၁၁)မှာ Tianbao ဟာ မီးသတ်တပ်ဖွဲ့ဝင် ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီး၊ (၂၀၁၀)ခုနှစ်က Yushu ငလျင်မှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့အတွက် ‘Meritorious Dog’ ဂုဏ်ပြုဆု ရရှိခဲ့ပါတယ်။

အင်အား (၇.၁)အဆင့်ရှိတဲ့ အဆိုပါငလျင်ကြောင့် လူပေါင်း (၂၆၉၈)သေဆုံးခဲ့ပြီး၊ (၂၇၀)ပျောက်ဆုံးကာ၊ (၁၂၁၃၅)ဦးအထိ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ခွေးလေး Tianbao ဟာ ဒီအဖြစ်ဆိုးမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ လူ့အသက်ပေါင်းရာနဲ့ချီကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

လင်းသုတ

SHARE