ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ်က တစ်ချို့တိရစ္ဆာန်မျိုးစိတ်တွေဟာ မျိုးသုန်းပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီလိုမျိုးသုဉ်းပျောက်ကွယ်သွားတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအတွက် ဘယ်သူ့ကြောင့်လဲလို့ မေးရင်တော့ အရှင်းဆုံးအဖြေက လူသားတွေကြောင့်ပါပဲ။ လူသားတွေရဲ့ တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် တိရစ္ဆာန်မျိုးစိတ်တော်တော်များများဟာ ဒီကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွားခဲ့ရပါပြီ။ အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက ဒီကမ္ဘာမြေပေါ်ကနေ မျိုးသုန်းပျောက်ကွယ်သွားပြီလို့ တရားဝင်ထုတ်ပြန်ကြေညာထားတဲ့ တိရစ္ဆာန်မျိုးစိတ်တစ်ခုကို အခုအချိန်မှာ အာဖရိကတိုက်က နိုင်ငံတစ်နိုင်ငံမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ တိရစ္ဆာန်လေးကတော့ Somali Elephant shrew လို့ အမည်ရတဲ့ ကြွက်အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဆိုမာလီကြွက်ဆင်လို့ အဓိပ္ပာယ်ရပါတယ်။ အဆိုပါ ကြွက်ကလေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက မျိုးသုဉ်းပျေက်ကွယ်သွားခဲ့တာဖြစ်ပြီး အခုမှ တစ်ဖန်ပြန်ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ကြွက်ကလေးတွေရဲ့ ပုံစံက အင်မတန်မှကို ချစ်ဖို့ကောင်းပြီး အလွန်အပြေးမြန်တဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။

နှာခေါင်းလေးဟာ ဆင်တစ်ကောင်ရဲ့ နှာမောင်းလိုပုံစံ ရှည်မျောမျောလေးရှိပြီး နားရွက်ကတော့ ဆင်တစ်ကောင်ရဲ့ နားရွက်လို ကြီးကြီးလေးပါပဲ။ အဆိုပါ ကြွက်ကလေးတွေဟာ များသောအားဖြင့် မြေအောက်ထဲမှာပဲ နေလေ့ရှိပြီး အစာရှာတဲ့အချိန်တစ်ချိန်သာ ပြင်ပကမ္ဘာကြီးကို ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရှားပါးကြွက်မျိုးစိတ်ကိုတော့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Djibouti နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီကိုစရောက်ကတည်းက ဒေသခံတွေဆီက ဒီနားတစ်ယိုက်မှာ ထူးထူးဆန်းဆန်း ကြွက်ကလေးတွေ တွေ့ရတယ်လို့ ပြောသံကြားကတည်းက စိတ်ဝင်စားနေတာပါ။ Somali Elephant shrew လေးတွေလို့ ထင်တောင်မထင်ထားမိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးတွေက မျိုးသုန်းသွားတာ တော်တော်လေး ကြာခဲ့ပါပြီ။ ပထမဆုံးအကောင်လေးကို တွေ့တဲ့အချိန်မှာ တော်တော်လေးကို ပျော်ရွှင်ခဲ့ပါတယ်။ အခုအချိန်အထိတော့ ဒီနိုင်ငံထဲမှာ Somali Elephant shrew ၁၂ ကောင်ကို ရှာတွေ့ခဲ့ပါတယ်”လို့ Duke University Lemue Center မှ သုတေသနပညာရှင် Steven Heritage က ပြောကြားခဲ့ပါတယ်။


Pyi Hein Kyaw