အောင်မြင်သူတိုင်းမှာရှိကြတဲ့ ကိုယ်ရည်ကိုယ်သွေး(၃)ခု

အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းဟာ လူတွေဖြတ်သန်းလာတဲ့ဘ၀အပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။ လူအများစုက အောင်မြင်မှုကိုငွေကြေးနဲ့ ချမ်းသာကြွယ်ဝမှုအပေါ်မှာပဲ အခြေခံလေ့ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့စိတ်နဲ့ခွန်အားကို ကိုယ်တန်ဖိုးထားလေးစားတဲ့ အရာအပေါ်မှာပဲ မြုပ်နှံလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အောင်မြင်တဲ့သူတွေကို လေ့လာကြည့်ကြတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့အချက်၃ချက်တွေ့ရတာကို BornRealist သတင်းကနေပြီး အခုလိုတွေ့ရှိရပါတယ်။

အလုပ်ကိုချစ်တယ်

အောင်မြင်သူတွေဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်ကို နှစ်သက်ကြသူတွေပါ။ အောင်မြင်သူတွေကို အမျိုးအစားအနေနဲ့ ၂မျိုးခွဲနိုင်ပါတယ်။ အောင်မြင်မှုကို ကြိုးပမ်းနေတဲ့သူတွေနဲ့ ရှာဖွေနေသူတွေ ဆိုပြီးတော့ပါ။ ကြိုးပမ်းနေကြသူတွေဆိုတာကတော့ ငယ်စဉ်ကတည်းက သူတို့ဘာလိုချင်တာကို ရှာဖွေတွေ့ခဲ့ပြီး တိုးတက်ဖို့အတွက် ထပ်မံကြိုးစားနေသူတွေပါ။ ဒါပေမယ့်လည်း အများစုကတော့ ကိုယ်ဘာအလုပ်ကိုနှစ်သက်သလဲဆိုတာ ရှာဖွေနေသူတွေသာ ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ ပိုက်ဆံတစ်ခုတည်းသာမကြည့်ပဲ အောင်မြင်ကြတဲ့သူတွေဘယ်လိုကြိုးစားခဲ့တယ်ဆိုတာပါ နားလည်ရပါမယ်။

Tiger Woods ဟာ golf ကျွမ်းကျင်သူကြေးစားသမားတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားသူပါ။ နှစ်အတော်ကြာ သူကကမ္ဘာမှာ ကြေးအမြင့်ဆုံးအားကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူရဲ့ လျို့ဝှက်ချက်ကတော့  သူ့နှလုံးသားထဲမှာ သူကအောင်နိုင်သူဆိုတာ လက်ခံထားတာပါ။ သူပြောတာတွေက အောင်မြင်မှုရဖို့အတွက် သံသယမထားပါနဲ့။ အလုပ်လုပ်ပါ။ အမြဲလေ့ကျင့်နေပါ။ လူတွေရဲ့ လက်ခံကြည်ညိုမှုရဖို့ကို အလေးမထားပဲနဲ့ လုပ်စရာရှိတာလုပ်ပါ။

READ
သွေးအမျိုးအစားက ပြောပြနေတဲ့ သင့်ရဲ့စိတ်နေသဘောထား

အာရုံတစ်ခုတည်းထားတယ်

အောင်မြင်ဖို့အတွက် အဓိကအရေးကြီးတာက အာရုံစူးစိုက်မှုပါ။ ကိုယ်လေ့လာနေတဲ့ စိတ်ပါဝင်စားတဲ့ နယ်ပယ်မှာ ကျွမ်းကျင်အောင် ပြုလုပ်ပါ။ အလုပ်ကို ဟိုစပ်စပ်ဒီစပ်စပ်ပြုလုပ်တာဟာ အာရုံတွေကို ခွဲလိုက်သလို ဖြစ်တဲ့အတွက်ကြောင့် အောင်မြင်မှုရဖို့အတွက် နှောင့်နှေးကျန့်ကြာစေပါတယ်။ ဒါကြောင့် အာရုံတွေကို စုစည်းပြီး လိုချင်ရချင်တဲ့ အရာတစ်ခုတည်းအပေါ်မှာသာ အာရုံစိုက်ပါ။

စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ကျွမ်းကျင်ပညာရှင် Warren Buffett ဟာ ကမ္ဘာမှာကျော်ကြားတဲ့ ရင်းနှီးမြုပ်နှံသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်လာ ၇၃.၃ ဘီလီယံတန်ဖိုးရှိတဲ့ ပမာဏကို ပိုင်ဆိုင်ထားတဲ့ သူဟာမတ်လ၂၀၁၇စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ ဒုတိယ အကြွယ်ဝဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူရဲ့ လျို့ဝှက်ချက်ကတော့ နောက်နှစ်အတွက် သူဖြစ်ချင်တဲ့ ရည်မှန်းချက် ၂၅ခုကိုချမှတ်ထားပါတယ်။ ပြီးတဲ့နောက် အဲဒီထဲမှ အရေးအကြီးဆုံးဆန္ဒ၅ခုကို မဖြစ်မနေ လုပ်ဆောင်ပါတယ်။

ပျင်းရိပျင်းတွဲမနေပါဘူး

ကိုယ့်ကိုကိုယ်တွန်းအားပေးပါ။ အောင်မြင်ဖို့အတွက် သက်တောင့်သက်တာနဲ့ အဆင်ပြေနေတာပဲဆိုပြီး ရေစုန်မျှောနေတဲ့ အခြေအနေတွေကနေ ထွက်လာခဲ့ပါ။ ဘ၀ရည်မှန်းချက် ပန်းတိုင်ထားရှိပြီး ကိုယ်ပိုင်စည်းကမ်းချမှတ်သင့်ပါတယ်။ အဲ့ဒီအတွက် ကြိုးပမ်းအားထုတ်နေတာက စိန်ခေါ်မှုအများစုကို ကျော်လွှားနိုင်စေမှာပါ။

Richard Branson ဟာ အင်္ဂလိပ်လူမျိုး စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုပညာရှင်တစ်ယောက်ပါ။ Virgon Group ကိုတည်ထောင်သူဖြစ်ပြီး ကုမ္ပဏီအခွဲပေါင်း ၄၀၀ကျော်ကို အုပ်ချုပ်နေသူပါ။ သူပြောလေ့ရှိတာတွေက ကိုယ်နှစ်သက်တဲ့အလုပ်ကို လုပ်ကိုင်နေကြတဲ့ သူတွေက များသောအားဖြင့် ဘ၀ကိုကျေနပ်ပျော်ရွှင်သူတွေ ဖြစ်ကြပါတယ်တဲ့။ စွန့်စားဖို့ အဆင်သင့်ဖြစ်နေသူတွေဖြစ်ပြီး အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်နေသူတွေပါတဲ့။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်တွေကို ယုံကြည်ပြီး ဖြစ်မြောက်အောင်လုပ်ဆောင်သင့်ပါတယ်။

READ
ငွေမျက်နှာ ... လူမျက်နှာ ဘယ်ဟာက ပိုသာပါလိမ့်!

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ အောင်မြင်မှုရရှိဖို့အတွက် အတွေးအခေါ်အသိပညာတိုးပွားစေမယ့် မေးခွန်းတွေမေးသင့်ပါတယ်။ အဲဒီမေးခွန်းတွေအပေါ်မှာ အခြေခံပြီး အကြံဥာဏတ် အသစ်တွေရရှိနိုင်ပါတာ်။ မိတ်ဆွေအပေါင်းအသင်းတွေတိုးပွားအောင် တည်ဆောက်ဖို့လည်း လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါမှာ တခါတလေတော့လည်း အမှားတွေကိုတွေ့ရတတ်ပါတယ်။ ကြုံတွေ့ရလာတဲ့ အမှားတွေကတဆင့် သင်ခန်းစာရကာ ပြည့်ဝလာတဲ့အခါမှာတော့ အောင်မြင်မှုကို မလွဲမသွေရရှိမှာပဲ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE