သဘာဝလွန်ဖြစ်ရပ်တွေဟာ ဥာဏ်မမှီနိုင်လောက်အောင် ဆန်းကြယ်ပါတယ်။ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့က အိမ်တစ်အိမ်မှာ ကလေးငယ်လေးတစ်ဦးဟာ မှန်ရှေ့မှာ ကစားနေခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာက ကလေးဟာ မှန်ကြည့်ပြီး ပြန်လှည့်အထွက်မှာ မှန်ထဲက အရိပ်ဟာ သူ့ထက် အရင်စောပြီး ထွက်သွားတာဖြစ်ပါတယ်။ ဒီခြောက်ခြားဖွယ်ကောင်းတဲ့ ဗီဒီယိုကိုတော့ ကောင်လေးရဲ့ အမေက ဗီဒီယိုရိုက်ကူးခဲ့ပြီး ထူးဆန်းတာကြောင့် အွန်လိုင်းပေါ်တင်ဖြစ်ခဲ့တာပါ။
ဗီဒီယိုထဲမှာ ကလေးဟာ မှန်တစ်ချပ်ရှေ့မှာ ရပ်နေပါတယ်။ မှန်ကြည့်ပြီး လျှာကိုလက်နဲ့ကိုင်လိုက်၊ လျှာပြန်ထုတ်လိုက်နဲ့ သူက လုပ်နေပါတယ်။ မကြာပါဘူး။ မှန်ကြည့်နေရာကနေ ကလေးဟာ မှန်ကို စိတ်မ၀င်စားတော့ပဲ ပြန်လှည့်ထွက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမယ့် သူပြန်လှည့်မထွက်ခင်မှာပဲ မှန်ထဲက အရိပ်က အရင်လှမ်းထွက်သွားကို ထိတ်လန့်ဖွယ်ရာ တွေ့ရပါတယ်။

တစ္ဆေဆန်ဆန်ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဗီဒီယိုတင်သူ ကလေးမိခင်က “ကျွန်မ ဗီဒီယိုကို ပြန်ကြည့်လေလေ ရူးချင်လေလေပဲ။” လို့ဆိုခဲ့ပြီး ယင်းအဆိုကို ဗီဒီယိုကြည့်ရှုသူတော်တော်များများကလည်း သဘောတူကြပါတယ်။ ဗီဒီယိုကို ပထမဆုံး ကြည့်တဲ့အခါမှာတော့ သိပ်မကွဲပါဘူး။ ဒါပေမယ့် အကြိမ်ကြိမ်ပြန်ကြည့်တဲ့အခါ ကလေးနဲ့ မှန်ထဲက အရိပ်မှာ အရိပ်ဟာ ကလေးထက် အရင် မှန်ထဲကနေ ထွက်သွားတာကို သတိထားမိကြမှာပါ။

အွန်လိုင်းပေါ်က လူတွေကတော့ မှန်ထဲမှာ ကလေးရဲ့ အရိပ် အရင်ပျောက်သွားတာနဲ့ ပတ်သက်လို့ အမျိုးမျိုးထင်မြင်ယူဆကြပါတယ်။ အချို့ကလည်း မှန်ရဲ့ ထောင့်အနေအထားနဲ့ ကလေးမိခင် ဗီဒီယိုရိုက်ယူနေတဲ့ ထောင့်အနေအထားတွေကြောင့် မျက်စိအမြင်လှည့်စားခံရတာဆိုပြီး သုံးသပ်ကြပါတယ်။ အောက်ဘက်မှာတော့ သို့လောသို့လောဖြစ်နေရတဲ့ မှန်ထဲကကလေးရဲ့အရိပ် ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေရော ဘယ်လိုယူဆကြပါသလဲ။
လင်းလင်း (ShweMom)
Ref: Unilad