ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရဆုံးအသင်းတွေကို ပြောပါဆိုရင် အာရှအသင်းတွေကိုပဲ ပြောရမှာပါ။ အာရှ ဘောလုံးအဖွဲ့ချုပ်(AFC)ရဲ့ လက်အောက်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း (၄၇)နိုင်ငံ ပါဝင်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခွဲတမ်း(၄)နေရာခွဲပဲ ရတာတော့ နည်းလွန်းပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခွဲတမ်းနေရာတွေကို ပိုမိုတိုးမြှင့်ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အောင်မြင်မှု မရတာကို လက်ညှိုးထိုးပြီး ခွဲတမ်းနေရာ တိုးပေးခဲ့ခြင်း မရှိပါဘူး။
အာရှကိုယ်စားပြုအနေနဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖူးတဲ့ အသင်းပေါင်း(၁၂)သင်းသာ ရှိခဲ့ပြီး ပွဲပေါင်း(၁၁၄)ပွဲ ကစားခဲ့ရာမှာ (၁၇)ပွဲနိုင်၊ (၂၆)ပွဲသရေနဲ့ (၇၁)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ် (၂၀၁၈)ကမ္ဘာ့ဖလားပွဲမှာတော့ အာရှတိုက်ကိုယ်စားပြုပြီး အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ အီရန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေးဗီးယားတို့က တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး သြစတြေးလျအသင်းကတော့ ဆီးရီးယားအသင်းနဲ့ ခြေစစ်ပွဲနှစ်ကျော့၊ မြောက်အမေရိကတိုက်က ဟွန်ဒူးရပ်စ်နဲ့ ခြေစစ်ပွဲနှစ်ကျော့ ကစားပြီးမှ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

ဂျပန်

ဆာမူရိုင်းသူရဲကောင်းတွေလို့ ကမ္ဘာ့ဘောလုံးပရိသတ်တွေက အမည်ပြောင်ပေးထားတဲ့ ဂျပန်အသင်းကတော့ ကိုလံဘီယာနဲ့ ပွဲမှာ အနိုင်ရထားလို့ ရမှတ်(၃)မှတ်ကို ပိုင်ဆိုင်ထားပါပြီ။ ကိုလံဘီယာ၊ ပိုလန်၊ ဆီနီဂေါတို့နဲ့အတူ ဂျပန်ပါဝင်နေတဲ့ အုပ်စု(H)ဟာ မတူညီတဲ့ ကမ္ဘာ့တိုက်ကြီး(၄)တိုက်က အသင်းတွေ ပါဝင်တဲ့ ထူးထူးခြားခြား အုပ်စုပါ။ (၂၄.၆.၂၀၁၈)ရက်နေ့ ဆီနီဂေါနဲ့ ယှဉ်ပြိုင်တဲ့ ပွဲမှာလည်း ဂျပန်အသင်း အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆီနီဂေါအသင်းရဲ့ ဦးဆောင်ဂိုးသွင်းမှုကို (၂)ကြိမ်တိုင်တိုင် ခံခဲ့ရပေမယ့် ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီး(၂-၂)ရလဒ်နဲ့ သရေကျခဲ့ပြီး (၁)မှတ်ခွဲယူနိုင်ခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ ပိုလန်နဲ့ ရင်ဆိုင်ကစားပြီး (၀-၁)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် Fair Play စည်းမျဉ်းတွေအရ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
တောင်ကိုရီးယား

ဆွီဒင်နဲ့ ပွဲဦးထွက်မှာ VAR(ရုပ်သံအကူဒိုင်)စနစ်နဲ့ ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် ရှုံးနိမ့်ခဲ့ရတာကတော့ တောင်ကိုရီးယားအသင်းအတွက် ကံဆိုးလွန်းလှပါတယ်။ ဒုတိယမြောက်ပွဲဖြစ်တဲ့ မက္ကဆီကိုနဲ့ပွဲမှာလည်း မက္ကဆီကိုအသင်းရဲ့ ဦးဆောင်ဂိုးသွင်းမှုတွေကို ခံခဲ့ရပြီး (၂-၁)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ပြန်ရဖို့ သေချာသလောက် ဖြစ်သွားပါပြီ။ တောင်ကိုရီးယားအသင်းဟာ အသင်းကောင်းတွေကို ခြေရည်တူနီးပါး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် အတွေ့အကြုံ နုနယ်မှုကြောင့်သာ ရလဒ်တွေ ဆိုးရွားခဲ့တာပါ။ အုပ်စုနောက်ဆုံးပွဲအဖြစ် (၂၀၁၄)ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနဲ့ပွဲကိုတော့ သိက္ခာဆယ်အနေနဲ့ ကန်ရတာဖြစ်ပေမယ့် (၀-၂)ရလဒ်နဲ့ အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်နဲ့တင် အိမ်ပြန်ခဲ့ရပေမယ့် အစွမ်းကုန်ကြိုးစားခဲ့တဲ့ တောင်ကိုရီးယားအသင်းကတော့ မိခင်နိုင်ငံက ပရိသတ်တွေတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယား

အိမ်ရှင် ရုရှားအသင်းကို ပွဲဦးထွက်မှာတော့ (၅-၀)ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆော်ဒီကတော့ လက်ရှိအချိန်မှာ (၂)ပွဲ ကစား (၂)ပွဲရှုံး ရမှတ်ဗလာနဲ့ အိမ်ပြန်ရဖို့ သေချာသွားပါပြီ။ ဒါ့အပြင်လည်း ရုရှားနဲ့ပွဲအရှုံးဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အိမ်ရှင်အသင်းတွေရဲ့ ဂိုးအပြတ်ဆုံး ပွဲဦးထွက်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တာကြောင့်လည်း ဆော်ဒီအတွက် ပိုပြီး မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒုတိယမြောက်ပွဲဖြစ်တဲ့ ဥရုဂွေးနဲ့ပွဲမှာလည်း ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းအရတော့ အကောင်းဆုံး ကြိုးစားကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် အီဂျစ်နဲ့ သိက္ခာဆယ်ဖို့ ပွဲတစ်ပွဲသာ ကျန်တော့တဲ့ အနေအထားမှာ အီဂျစ်အသင်းကို (၀-၁)ရလဒ်နဲ့ အနိုင်ယူပြခဲ့တဲ့ ဆော်ဒီကြိုးစား အားထုတ်မှုကိုတော့ မဖြစ်မနေ အသိအမှတ် ပြုရမှာပါ။
ၾသစေၾတးလ်

သမုဒ္ဒရာပိုင်းဇုန် ဘောလုံးအဖွဲ့ချုပ်လက်အောက်ကနေ အာရှတိုက်ဘောလုံးအဖွဲ့ချုပ် လက်အောက်ဆီ ပြောင်းရွှေ့လာတဲ့ သြစတြေးလျကတော့ ဒီနှစ်ကမ္ဘာ့ဖလားကို နောက်ဖေးပေါက်ကနေ ယှဉ်ပြိုင်ခွင့်ရတယ်ဆိုပြီး လှောင်ပြောင်ခံခဲ့ရတယ်ဆိုတဲ့ အသင်းပါ။ ဆီးရီးယား၊ ဟွန်ဒူးရပ်စ်တို့နဲ့ ခြေစစ်ပွဲအဆင့်အဆင့် ကစားပြီးမှာ ကမ္ဘာ့ဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ သြစတြေးလျကို ကမ္ဘာ့ဖလားမှာ အိမ်ဖြည့်ထက် မပိုလောက်ဘူးလို့ အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။ ပြင်သစ်၊ ဒိန်းမတ်၊ ပီရူးတို့နဲ့ အတူ အုပ်စု (C)မှာ အတူပါဝင်နေတဲ့ သြစတြေးလျကတော့ တကယ်ကစားတဲ့အခါမှာ ဝေဖန်သူတွေအားလုံး ပါးစပ်ပိတ်သွားအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပြင်သစ်ကို ခြေရည်တူကစားပြီးမှ (၂-၁)နဲ့ ရှုံး၊ ဒိန်းမတ်ကို (၁-၁)နဲ့ သရေ၊ ပီရီူးကို (၀-၁)နဲ့ ရှုံးခဲ့လို့ သြစတြေးလျအသင်းဟာ အိမ်ပြန်သွားခဲ့ရပေမယ့် ဘယ်သူမှ မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်ကိုတော့ ပြသနိုင်ခဲ့ပါတယ်။