ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များ

ဘောလုံးအားကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားတစ်ခုပါ။ ပရိသတ်တွေက အရူးအမူး အားပေးကြသလို ဘောလုံးနဲ့ ပတ်သက်ပြီး စိတ်ကြည်နူး ၀မ်းသာစရာဖြစ်ရပ်တွေ၊ နာကျင်ကြေကွဲစရာ ဖြစ်ရပ်တွေ အများအပြားရှိခဲ့ပါတယ်။ ကမ္ဘာ့လူကြိုက်အများဆုံး ဘောလုံးအားကစားနည်းကို နိုင်ငံအလိုက် (၄)နှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ သည်းသည်းလှုပ် အားပေးတာလည်း သိပ်တော့မဆန်းပါဘူး။ ကြည့်ရှုအားပေးသူ ပရိသတ်တွေကို ပြိုင်ပွဲတစ်ခုနဲ့တစ်ခု မတူအောင်၊ မရိုးရအောင် စိတ်လှုပ်ရှားဖွယ် ရသမျိုးစုံပေးတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပျော်ရွှင်ကြည်နူးရသူတွေ ရှိသလို အသက်ဆုံးရှုံးရသူတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားပြီး သမိုင်းကြောင်း မလှခဲ့ရသူတွေလည်း ရှိနေပါတယ်။

လူးဝစ်ဆွာရက်ဇ် (၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား)

တောင်အာဖရိက ကမ္ဘာ့ဖလားရဲ့ ရင်ခုန်စရာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲပါ။ အာဖရိကကိုယ်စားပြုအသင်းတွေထဲက တစ်သင်းတည်းသော လက်ကျန်အသင်း ဂါနာနဲ့ တောင်အမေရိကတိုက်က ဥရုဂွေးတို့ရဲ့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိလွန်းလှပြီး သာမန်ပွဲချိန် မိနစ်(၉၀)အတွင်းမှာ (၁-၁)ဂိုးစီ သရေကျနေလို့ အချိန်ပို မိနစ်(၃၀)ကို ယှဉ်ပြိုင်နေကြတာပါ။ အချိန်ပို မိနစ်(၁၂၀)အရောက်မှာတော့ ဂါနာအသင်းက အပိုင်အခွင့်အရေး ရခဲ့ပါတယ်။ ဘောလုံးဟာ သေချာပေါက် ဂိုးထဲဝင်တော့မယ့် အခြေအနေမှာ ဥရုဂွေးရဲ့ နာမည်ကြီးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဂိုးသမားတစ်ယောက်လို ဘောလုံးကို လက်နဲ့ ပုတ်ထုတ်ခဲ့ပါတယ်။ ဆွာရက်ဇ် အနီကတ်အပြခံရပြီး ဥရုဂွေးပင်နယ်တီ အပေးခံရပေမယ့် ဂါနာတိုက်စစ်မှူး အဆာမိုဂျန်ကတော့ အခွင့်အရေးကို အသုံးမချနိုင်ဘဲ လွဲချော်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ် ခံယူချိန်မှာတော့ ဥရုဂွေးက (၄-၂)ရလဒ်နဲ့ ဂါနာကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ အဆာမိုဂျန်ရဲ့ ပင်နယ်တီလွဲချော်ချိန်မှာ ကိုယ်တိုင်ဂိုးတစ်ဂိုး သွင်းခဲ့သလို ရုပ်ပျက်ဆင်းပျက် အောင်ပွဲခံခဲ့တဲ့ ဆွာရက်ဇ်ကတော့ ဥရုဂွေးရဲ့ သူရဲကောင်းဖြစ်ခဲ့မယ့် အာဖရိကတိုက်အတွက်တော့ အချိန်တိုင်းမုန်းနေမယ့် ဗီလိန်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

ဒီယေဂို မာရာဒိုနာရဲ့ “ဘုရားပေးသော လက်” (၁၉၈၆ မက္ကဆီကို ကမ္ဘာ့ဖလား)

(၁၉၈၆)ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲက အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲအပါအ၀င် ဖြစ်နေမှာပါ။ အာဂျင်တီးနားအသင်းက (၂-၁)ဂိုးနဲ့ အင်္ဂလန်အသင်းကို အနိုင်ရခဲ့ပေမယ့် အာဂျင်တီးနားအသင်းရဲ့ အဖွင့်ဂိုးကတော့ အငြင်းပွားဖွယ်ရာ အတိပါ။ အရပ်(၅)ပေ(၅)လက်မပဲ ရှိတဲ့ အာဂျင်တီးနား ဂန္ထ၀င်ကစားသမား မာရာဒိုနာက အင်္ဂလန်အသင်းရဲ့ အရပ်(၆)ပေရှိတဲ့ ဂိုးသမား ပီတာရှီလ်တန်ကို ကျော်ပြီး ဘောလုံးကို လက်နဲ့ပုတ်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ မာရာဒိုနာဟာ ဂိုးကို လက်နဲ့ပုတ်ပြီး သွင်းခဲ့တယ်လို့ ၀န်ခံခဲ့ပြီး သူ့ကိုယ်သူ “ဘုရားပေးသော လက်”(Hand of God)လို့လည်း ကင်ပွန်းတပ်ခဲ့ပါတယ်။

READ
2018 FIFA World Cup အတွက် ပွဲလမ်းညွှန်

ဂျော့ဖ်ဟက်စ်ရဲ့ တစ္ဆေဂိုး (၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလား)

အင်္ဂလန်အသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၁၉၆၆)ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ပြီး ရှားရှားပါးပါး ချန်ပီယံတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင်အင်္ဂလန်နဲ့ အနောက်ဂျာမနီအသင်းတို့ ရင်ဆိုင်ခဲ့ရပါတယ်။ သာမန်ပွဲချိန် မိနစ်(၉၀)မှာ (၂-၂)ဂိုးဆီ သရေကျနေလို့ အချိန်ပိုမိနစ်(၃၀)ဆက်လက် ယှဉ်ပြိုင်ခဲ့ရတဲ့အထိ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ ပွဲချိန်(၁၀၁)မိနစ်မှာတော့ အင်္ဂလန်တိုက်စစ်မှူး ဂျော့ဖ်ဟက်စ်ရဲ့ ကန်သွင်းမှုကြောင့် အင်္ဂလန်အသင်း ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ဂိုးမ၀င်ဘဲ ဂိုးလိုင်းပေါ်ပဲထောက်ပြီး ပြန်ထွက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး ဆွစ်ဇာလန်လူမျိုး ဒင်းနက်စ်က ဂိုးအဖြစ် သတ်မှတ်ဖို့ မသေချာလို့ အကူဒိုင် အဇာဘိုင်ဂျန်လူမျိုး ဘာရာမော့ဗ်ကို သွားမေးခဲ့ပါတယ်။ ဒိုင်လူကြီး နှစ်ဦးကြားမှာ ဘာသာစကားအခက်အခဲ ရှိနေပေမယ့် ဘာရာမော့ဗ်က ဂိုးစည်းကျော်တယ်လို့ ပြောခဲ့လို့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး အင်္ဂလန်က (၄-၂)ဂိုးနဲ့ အနောက်ဂျာမနီကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ ဇီဒန်း(၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလား)

ပြင်သစ်ဂန္ထ၀င်ဘောလုံးသမား ဇီဒန်းရဲ့ လက်ရွေးစင် ဘောလုံးသမားဘ၀ဟာ ရုပ်ဆိုးအကျည်းတန်စွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ (၂၀၁၆) ကမ္ဘာ့ဖလားရဲ့ ဗိုလ်လုပွဲမှာ အီတလီနဲ့ ပြင်သစ်တို့ဟာ တစ်ဖက်(၁)ဂိုးစီ သရေကျပြီး အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။ သာမန်ပွဲကစားချိန် မိနစ်(၉၀)အတွင်းမှာ သရေကျလို့ အချိန်ပို မိနစ်(၃၀)ကို ထပ်မံကစားရတဲ့အထိ ခြေစွမ်းက တူနေခဲ့ပါတယ်။ ပွဲချိန်မိနစ်(၁၁၀)မှာတော့ ပြင်သစ်အသင်းရဲ့ အဓိကကွင်းလယ်လူ ဇီဒန်းဟာ မပြောမဆိုနဲ့ အီတလီနောက်ခံလူ မာတာရာဇီရဲ့ ရင်ဘတ်ကို ခေါင်းနဲ့တိုက်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် လူရိုးလူအေးတစ်ဦးလို့ နာမည်ကြီးတဲ့ ဇီဒန်းဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ပွဲအပြီးမှာလည်း ပြင်သစ်အသင်းဟာ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ဒီအချိန်အထိလည်း မာတာရာဇီ ဘာတွေပြောခဲ့လို့ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်ဖြစ်ခဲ့ရသလည်းဆိုတာ ဇီဒန်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

READ
(၂၀၁၈)ကမ္ဘာ့ဖလားမှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ

ကိုယ့်ဂိုးကိုယ်သွင်းလို့ အသက်ဆုံးရှုံးခဲ့ရသူ အက်စ်ကိုဘာ (၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလား)

ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ကြေကွဲစရာအကောင်းဆုံး ဖြစ်ရပ်ပါ။ (၁၉၉၄) အမေရိကန် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲကြိုကာလမှာ မထင်မှတ်ဘဲ ကိုလံဘီယာအသင်းက ဗိုလ်စွဲဖို့ အင်မတန်ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ချိန်မှာတော့ ရလဒ်တွေဆိုးခဲ့ပြီး အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ အိမ်ရှင်အမေရိကန်နဲ့ ကိုလံဘီယာတို့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်ဟာ နောက်တစ်ဆင့်ကိုတက်ဖို့ အရေးကြီးခဲ့ပါတယ်။ အမေရိကန်က (၂-၁)ရလဒ်နဲ့ ကိုလံဘီယာကို အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ အန်းဒရက်စ် အက်စ်ကိုဘာဟာ ကိုလံဘီယာပရိသတ်တွေကြား ဗီလိန်ဖြစ်ခဲ့ရပါတယ်။ အိမ်ရှင်အမေရိကန်အသင်းဆီက အက်စ်ကိုဘာတစ်ယောက် လာဘ်စားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြီးလို့ ကိုလံဘီယာနိုင်ငံက မွေးရပ်မြေ မန်ဒယ်လင်းကို ပြန်တဲ့အခါမှာတော့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ အက်စ်ကိုဘာတစ်ယောက် လုပ်ကြံခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ အက်စ်ကိုဘာရဲ့ သတင်းဟာ ကမ္ဘာ့ဘောလုံး ပရိသတ်တွေကို အကြီးအကျယ် တုန်လှုပ်စေခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဒါတွေကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်က အမှတ်ရစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေပဲ ဖြစ်ပါတယ်။ အခုလာမယ့် ကမ္ဘာ့ဖလားမှာလည်း ဘောလုံးပရိသတ်တွေအတွက် ဘယ်လိုစိတ်လှုပ်ရှားစရာ အမှတ်တရတွေ ကျန်ရစ်ခဲ့မလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

SHARE