ဂျာမနီနိုင်ငံ အော်တင်မြို့လေးမှာ သက်တမ်း ၅၀၀ လောက် ကြာမြင့်ပြီဖြစ်တဲ့ ဝက်သစ်ချပင်ကြီးဟာ ဖူးစာရှင်ပေါင်း (၁၀၀) ကျော်ကို ဆုံစည်းစေခဲ့တဲ့ စာတိုက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းကလူတွေက စာအိတ်လေးတွေကို ဒီဝက်သစ်ချပင်ကြီးဆီကို ပို့နေကြပြီ ဖြစ်ပါတယ်။
အဲ့ဒီ့ဝက်သစ်ချပင် စာတိုက်ကြီးရဲ့ရာဇဝင်ကတော့ ဒီလိုပါ။
(၁၈၉၀)ခုနှစ်တုန်းက မီနာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ ချောကလက်ပြုလုပ်တဲ့ကောင်လေး ဝီလျှံနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ မီနာ့ရဲ့ဖခင်က မီနာကို ဝီလျှံနဲ့တွေ့ဆုံခြင်းမပြုဖို့ ပိတ်ပင်ခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အဲဒီ့ဝက်သစ်ချပင်ကြီးရဲ့ သစ်ခေါင်းပေါက်ထဲမှာ အပြန်အလှန် လျှို့ဝှက်စာလေးတွေ ပို့ခဲ့ကြပါတယ်။ နောက်တစ်နှစ်မှာ မီနာရဲ့ဖခင်က သူတို့နှစ်ဦးကို သဘောတူလိုက်တာကြောင့် အဲဒီ့ဝက်သစ်ချပင်ကြီးအောက်မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်အကြောင်းလေးက လူသိများလာခဲ့တာကြောင့် အချစ်ရေးမှာ ကံခေတဲ့ လူတွေကလည်း မျှော်လင့်ချက်ကြီးစွာနဲ့ အဲဒီ့သစ်ပင်ကြီးရဲ့ အခေါင်းပေါက်ထဲကို စာတွေ ပို့ထားကြတာကြောင့် အဲဒီ့သစ်ပင်ကြီးမှာ စာအိတ်တွေအရမ်းများလာခဲ့ပါတယ်။ တစ်ရက်ကျတော့ ဂျာမနီနိုင်ငံရဲ့ စာပို့လုပ်ငန်းတစ်ခုကနေပြီးတော့ အဲဒီ့ဝက်သစ်ချပင်ကြီးကို လိပ်စာတစ်ခုအဖြစ် သတ်မှတ်ပြီး စာပို့သမားတွေလည်း မကြာခဏ လာလေ့ရှိပါတယ်။ နောက်ပြီး သစ်ပင်ကြီးပေါ်ကိုတက်ဖို့ လှေခါးလည်း ထားပေးထားတာကြောင့် ဘယ်သူမဆို စာလေးတွေကိုဖတ်ပြီး ကိုယ်နှစ်သက်တဲ့သူဆီကို စာပြန်လို့ရပါတယ်။
အဲဒီ့မှာ သတ်မှတ်ချက်တစ်ခုရှိတာက “စာကိုဖွင့်ဖတ်ပြီးမှ စာမပြန်ချင်ခဲ့ရင် စာအိတ်လေးကို နေရာတကျလေးပြန်ထားခဲ့ပါ” ဆိုတာလေးပဲဖြစ်ပါတယ်။
နှစ်စဉ် အဲ့ဒီ့သစ်ပင်ကြီးဆီကို စာပေါင်း (၁၀၀၀) ကျော် ရောက်လာလေ့ရှိပြီး စာပြန်ရင်းနဲ့ဖူးစာဆုံသွားတဲ့ အတွဲတွေလည်း အများကြီးရှိနေပါပြီ။ ဒါကြောင့် ဒီနေရာလေးဟာ အရမ်းကို ရိုမန်တစ်ဆန်ပြီး ကြည်နူးစရာကောင်းတဲ့ နေရာလေးတစ်ခုဖြစ်သလို အခွင့်အရေးရရင် တစ်ကြိမ်လောက်တော့သွားဖူးသင့်တဲ့ နေရာလေးဖြစ်ပါတယ်…။
Em Em(Shwemom)