ရေခဲမလုံလောက်လို့ (၂၀၂၀)ခုနှစ်မှာ ကမ္ဘာကျော်ရေခဲဟိုတယ် တည်ဆောက်နိုင်မည်မဟုတ်

balealac.ro

ယခုနှစ်မှာ နာမည်ကြီးရေခဲဟိုတယ် တည်ဆောက်မှုကို ရေခဲမလုံလောက်တဲ့အတွက် ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ နှစ်တိုင်းနှစ်တိုင်း ရိုမေးနီးယားမှာ တမူထူးခြားတဲ့ နာမည်ကျော်ရေခဲဟိုတယ် တည်ဆောက်မှုကို ပြုလုပ်နိုင်ခဲ့ပြီး၊ နယ်ပယ်အသီးသီးက ခရီးသွားတွေ အားပေးမှု အပြည့်အဝ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အသုံးပြုချင်တဲ့ ရေခဲပမာဏက မလုံလောက်ပါဘူးတဲ့။

အဆိုပါ ရေခဲဟိုတယ်ကို နိုင်ငံတကာ သတင်းစာမျက်နှာတွေက Balea Lake Ice Hotel ဆိုပြီး ဖော်ပြကြပါတယ်။ ရိုမေးနီးယားနိုင်ငံ၊ Sibiu ကောင်တီက Balea Lake ကမ်းရိုးတမ်းပေါ်မှာ နှစ်စဉ်တိုင်းနီးပါး ဒီဟိုတယ်ကို တည်ဆောက်ခဲ့တာ အခုဆိုရင် (၁၆)နှစ်ဆက်တိုက် ရှိခဲ့ပါတယ်။

balealac.ro

ယခုနှစ်ဦးပိုင်း သို့မဟုတ် (၂၀၁၉)ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလဟာ သာမန်ထက် အအေးပေါ့ခဲ့တဲ့အတွက် အဲဒီဒေသမှာ ဟိုတယ်တည်ဆောက်ဖို့ လုံလောက်တဲ့ ရေခဲအရင်းအမြစ် မရရှိနိုင်တော့ပါဘူး။ သို့သော်လည်း ယခုနှစ်မှာ တည်ဆောက်ဖို့လျှာထားတဲ့ ရေခဲဟိုတယ်မှာ ဘွတ်ကင်ပေးထားတဲ့ ဧည့်သည်တွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

အခုအခြေအနေဟာ ရာသီဥတု သိသိသာသာ ပြောင်းလဲလာခြင်းရဲ့ မြင်သာစေတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ရေခဲထုဟာ တဖြည်းဖြည်း အရည်ပျော်နေပြီး ကမ္ဘာ့အပူချိန်ကလည်း ဆိုးဆိုးရွားရွား လွန်ကဲလာပါတယ်။ ဒါဟာ ယခုနှစ်အနေနဲ့ ယခင်နှစ်တွေထက် သိသိသာသာ အပူချိန်ပိုနိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ဒေသခံသတင်းစာတွေရဲ့အဆိုအရ Balea Lake Ice Hotel ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၂၀၀၀)သို့မဟုတ် (၆၅၆၁)ပေအအမြင့်က တောင်ကုန်းပေါ်မှာ တည်ဆောက်လေ့ရှိတယ်လို့ သိရပါတယ်။ ဟိုတယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Alexander Uncheshel က “ ဒီနှစ်မှာတော့ ရေခဲမရှိလို့ ကျွန်တော်တို့ ရေခဲဟော်တယ်ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး …”လို့ ပြောပါတယ်။

balealac.ro

သူက ဆက်လက်ပြီး “ ဇန်နဝါရီ(၇)ရက် အင်္ဂါနေ့မှာ အပူချိန်က (-၁၇)C သာ ရှိပါတယ် .. ရေခဲထုရဲ့အထူက (၁၆၆)စင်တီမီတာ ဒါမှမဟုတ် (၅.၄၄)ပေ ဖြစ်ပါတယ် … ဆိုရရင် ကျွန်တော်တို့ ရေခဲဟိုတယ်တည်ဆောက်ခဲ့ရင်လည်း ယခင်နှစ်ကလို စာရိတ်စက ကိုက်မှာ မဟုတ်တော့ပါဘူး ”လို့ ပြောပါတယ်။

Balea Lake Ice Hotel ဟိုတယ်ကို နှစ်စဉ်နှစ်တိုင်း Balea Lake က ရေခဲလွှာကို လွှနဲ့တိုက်ဖြတ်ပြီး၊ ကြီးမားတဲ့ ရေခဲဘလောက်တုံးကြီးတွေဖြစ်အောင် စီမံရပါတယ်။ အဲဒီရေခဲဘလောက်တုံးတွေကို ဟိုတယ်တည်ဆောက်တဲ့အခါမှာ အသုံးပြုတာပါ။ ရေခဲထု (၅.၄၄)ပေဆိုတာ နည်းတဲ့ပမာဏမဟုတ်သော်လည်း ဟိုတယ်တည်ဆောက်တဲ့အခါမှာတော့ အဆင်ပြေပုံမရပါဘူး။

balealac.ro
balealac.ro

သိပ္ပံပညာရှင်များရဲ့အဆိုအရတော့ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အပူချိန် တဖြည်းဖြည်း ပိုပြီးမြင့်တက်လာမယ်လို့ ပြောပါတယ်။ လူတွေကထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေကလည်း ကမ္ဘာ့လေထုအတွင်းမှာ ပိုများလာခဲ့တယ်လို့ NASA က ပြောပါတယ်။ Intergovernmental Panel on Climate Change (IPCC) ကတော့ ကမ္ဘာ့အပူချိန်ဟာ (၂.၅)ကနေ (၁၀)ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

လင်းသုတ

SHARE