သစ်နက် သို့မဟုတ် ကျားသစ်နက်တွေဟာ အလွန်ရှားပါးသတ္တဝါတွေ ဖြစ်လာခဲ့ပါတယ်။ အကောင်ရေမှာ အလွန်နည်းပါးလျှက်ရှိပြီး သက်ဆိုင်ရာကတော့ တက်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်လျှက် ရှိပါတယ်။ အခု ဓာတ်ပုံဆရာတစ်ယောက်ကတော့ သစ်နက်နဲ့ ကျားသစ်မလေးစုံတွဲရဲ့ သဘာဝကျကျ ဓာတ်ပုံတွေကို ရယူနိုင်ခဲ့ပါတယ်။
ရှားပါးသစ်နက်နဲ့ ကျားသစ်မလေးတို့ဟာ အိန္ဒိယနိုင်ငံ၊ Kabini Forest Reserve သဘာဝဥယျာဉ်မှာ နေထိုင်ပါတယ်။ သူတို့တစ်တွေဟာ အမွေးအရောင်ချင်း မတူပေမယ့် အခုဆို စုံတွဲတွေလို နေနေကြပါတယ်တဲ့။ သူတို့နာမည်တွေကတော့ Saaya နဲ့ Cleopatra တို့ ဖြစ်ပါတယ်။
Saaya နဲ့ Cleopatra တို့ဟာ တစ်ကောင်နဲ့တစ်ကောင် (၄)နှစ်ကြာ သက်တမ်းအတွင်း သံယောဇဉ်ခိုင်မာနေကြပြီလို့ ဆိုပါတယ်။ ဓာတ်ပုံဆရာနာမည်ကတော့ Mithun ဖြစ်ပါတယ်။ သူဟာ အင်စတာဂရမ်မှာ ဒီဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။
သူရိုက်လိုက်တဲ့ဓာတ်ပုံဟာ ထင်မှတ်မထားဘဲ သဘာဝကျနေပါတယ်။ Cleopatra ရဲ့အရိပ်သဘောမျိုး Saaya က ရှိနေတဲ့အချိန်မှာ မိမိရရ ပုံရိပ်ကိုဖမ်းယူနိုင်ခဲ့တာပါ။ ကျားသစ်မလေးဟာ လှုပ်ရှားမှုတိုင်းမှာ သစ်နက်ကို အမြဲလိုလို ဦးဆောင်နေသလို၊ သစ်နက်ကလည်း သူကို ဦးစားပေးတယ်လို့ ဓာတ်ပုံဆရာ Mithun က ပြောပါတယ်။
ဒါကြောင့် Mithun က တိရစ္ဆာန်လောကမှာတောင် “Lady First ”ဆိုတာ ရှိနိုင်ကြောင်း ဆိုထားပါသေးတယ်။ ဒီဓာတ်ပုံအမည်ကတော့ Eternal Couple လို့ အမည်ပေးထားပါတယ်။ Mithun ဟာ ဒီလို ပြီးပြည့်စုံတဲ့ဓာတ်ပုံရဖို့အတွက် (၆)ရက်ကြာ ချောင်းမြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
လင်းသူရိန်