ခင်မင်ဖို့ကောင်းတဲ့ အမျိုးသားကို မရမက လိုက်ရှာပြီး၊ ချွဲပြခဲ့တဲ့ ဂျစ်ပစီခွေးမလေး

Twitter_Ridhuan

အိမ်မွေးတိရစ္ဆာန် ခွေးလေးတွေ၊ ကြောင်လေးတွေဟာ တခြားသတ္တဝါတွေထက် ချစ်ခင်ကြင်နာမှုကို ပိုသိကြပြီး၊ သူတို့ကိုယ်တိုင်ကလည်း သံယောဇဉ်ပြန်ထားတတ်ကြပါတယ်။ မေတ္တာတရားရဲ့ အတိမ်အနက်ကိုလည်း နားလည်လွယ်ကြပြီး၊ သူတို့အပေါ် ကြင်ကြင်နာနာ ဆက်ဆံသူတွေကို ကာကွယ်ပေးရကောင်းမှန်း၊ ချစ်ခင်မြတ်နိုးရကောင်းမှန်း သိကြပါတယ်။

အခုလည်း ဂျစ်ပစီခွေးမလေးတစ်ကောင်ဟာ လမ်းဘေးမှာနေ၊ လမ်းဘေးမှာ ကျင်လည်ကျက်စားရပေမယ့် မကြာသေးခင်က ခင်မင်ခွင့်ရခဲ့တဲ့ အမျိုးသားကိုတော့ ကောင်းကောင်း မှတ်မိနေပါတယ်။ သူမဟာ သံယောဇဉ်တွေ တွယ်တာလာရင်းက နောက်ဆုံး သခင်မဟုတ်သေးတဲ့ အမျိုးသားကို ခြေရာခံလိုက်ပြီး၊ တွေ့လို့ရအောင် ကြိုးစားခဲ့ကြောင်း Rachfeed ၀က်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။

 

ခွေးမလေးဟာ အဆိုပါအမျိုးသား အလုပ်လုပ်တဲ့ဆီအထိ လိုက်လာခဲ့ပြီး၊ တွေ့ခွင်တအီအီ တောင်းနေခဲ့တာပါ။ အမျိုးသားရဲ့အမည်ကတော့ Mohd Ridhuan လို့ သိရပြီး၊ အသက်(၂၂)နှစ်ပါ။ သူဟာ လွန်ခဲ့တဲ့(၃)ပတ်လောက်က သိပ်မဝေးတဲ့ ကမ်းခြေကို သူငယ်ချင်းသုံးယောက်နဲ့ အပြင်းပြေလမ်းလျှောက်ခဲ့ပါတယ်။

အဲဒီကမ်းခြေမှာ ခွေးလေခွေးလွင့်တွေ တော်တော်များများ ရှိနေပြီး၊ ခွေးချစ်တတ်တဲ့ Mohd ကတော့ ခွေးတွေနဲ့ ခင်မင်အောင် ကြိုးစားကာ သူတက်နိုင်သလောက်နဲ့ မုန့်ပဲသွားရေစာတွေ ဝယ်ပေးခဲ့ပါတယ်။ သူက ခွေးတွေကို ချစ်တတ်ပေမယ့် အိမ်မှာ မွေးထားတဲ့သဘောမျိုး မရောက်သေးတော့ တစ်ဖက်မှာ ခွေးတွေကို ကြောက်တဲ့လူထဲမှာလည်း သူပါတယ်လို့ ဆိုပါတယ်။

 

ခွေးမလေးတစ်ကောင်ကတော့ သူ့ကို မြင်တာနဲ့ သခင်အရင်းကို မြင်လိုက်ရသည့်အလား ပျော်မြူးခုန်ပေါက်နေပြီး၊ အနားက မခွာတော့ပါဘူးတဲ့။ နောက်တစ်ကြိမ် ကမ်းခြေကိုရောက်တော့ ခွေးတွေဟာ သူ့ကို ကောင်းကောင်းမှတ်မိနေပြီး၊ သူရောက်လာတာနဲ့ အမြှီးတနံ့နံ့နဲ့ ဝိုင်းလာကြတယ်လို့ ဆိုပါတယ်။ သူကလည်း မုန့်တွေ ဝယ်ကျွေးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သူ ကမ်းခြေကို သွားတိုင်း မုန့်တွေ ယူသွားဖြစ်ပါတယ်တဲ့။

 

ဒါပေမယ့် နောက်ပိုင်းမှာ အလုပ်ဝန်ပိနေလို့ သူလည်း ကမ်းခြေဘက် လမ်းမလျှောက်ဖြစ်ခဲ့ပါဘူး။ ရက်အနည်းငယ် ကြာလာတော့ သူ့ကို အလွန်ခင်မင်တဲ့ခွေးမလေးဟာ Mohd မလာတာကြာတဲ့အတွက် လိုက်လံရှာဖွေခဲ့ရာ၊ နောက်ဆုံး Mohd အလုပ်လုပ်တဲ့နေရာကိုအထိ ရောက်လာခဲ့ပါတော့တယ်။ အခုဆိုရင် ခွေးမလေးဟာ ကမ်းခြေနဲ့ Mohd ရဲ့အလုပ်ထံကို သွားချည်လာလှည့်လုပ်နေပါတော့တယ်။

Mohd ကလည်း လက်အိတ်အသစ် ဝယ်ထားပြီး ခွေးမလေး လာတဲ့အခါတိုင်း အစားအစာလေးတွေကျွေး၊ ခေါင်းလေး ကိုယ်လေးကို ပွတ်သပ်ပေးပါတယ်။ ခွေးတွေဟာ အနံ့ခံအာရုံဘက်မှာ တခြားသတ္တဝါတွေထက် ထူးချွန်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ရှာဖွေလိုတာကို အနံ့နဲ့လိုက်လာပုံရပါတယ်။ ဒီအကြောင်းကတော့ လူမှုကွန်ရက် တိချစ်သူတွေကြားမှာ ရေပန်းစားနေပါတယ်။

လင်းသူရိန်

SHARE