(၁၄)လအတွင်း ကလေး(၈)ယောက် ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးကို စစ်ဆေးလိုက်တဲ့အခါ

Freepik_weMD

အိန္ဒိယနိုင်ငံမှာ မသင်္ကာဖွယ်ရာ အကျင့်ပျက်ခြစားမှုကို သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှုကို ကျူးလွန်ခဲ့သူတွေမှာ အစိုးရအရာရှိတွေ ကိုယ်တိုင်ဖြစ်နေပြီး၊ ၎င်းအဖွဲ့ဟာ စာရင်းဇယားလိမ်လည်ပြီး၊ မိန်းကလေးငယ်များညှင်းပန်းသတ်ဖြတ်မှုကာကွယ်ရေး ရန်ပုံငွေတွေထဲကနေ ငွေတွေ လိမ်လည်ထုတ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒီဖြစ်စဉ်မပေါ်ခင်အထိ ၎င်းအဖွဲ့ ဘယ်လောက် လိမ်လည်ထားတယ်ဆိုတာ မသိရပါဘူး။

ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်က အရာရှိအချို့ဟာ မွေးစားရင်းဖောင်ကို လိမ်လည်ဖြည့်သွင်းပြီး၊ ရန်ပုံငွေကို အလွဲသုံးစားထုတ်ယူဖို့ ကြိုးစားခဲ့တာပါ။ သေချာစစ်ဆေးလိုက်တဲ့အခါ စာရင်းထဲမှာ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ (၁၄)လအတွင်း ကလေး(၈)ယောက်အထိ မွေးထားကြောင်း စာရင်းပြထားကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။

Freepik_HFO

ဒါဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့ လုပ်ကြံဖြည့်သွင်းမှုဖြစ်ခဲ့လို့ သက်ဆိုင်ရာက ခုံ/စုံဖွဲ့ပြီးစစ်ဆေးခဲ့ရာ၊ တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီစာရင်းအမှားတွေကို စတင်သတိထားမိသူကတော့ Upendra Chaudhary မှဖြစ်ပြီး Musahari Primary Health Centre ကို တည်ထောင်သူဖြစ်ပါတယ်။

စာရင်းထဲမှာ အသက်(၆၅)နှစ်အရွယ် Leela Devi အမည်ရ အမျိုးသမီးဟာ (၁၄)လအတွင်း သမီးမိန်းကလေး(၈)ကြိမ်အထိ မွေးခဲ့တယ်လို့ ဖော်ပြထားတာပါ။ အသက်(၆၅)နှစ်အရွယ်လည်းဖြစ်၊ (၁၄)လဆိုတဲ့ တိုတောင်းတဲ့ အချိန်အတွင်းမှာ ကလေး(၂)ယောက်ဆက် မွေးဖို့တောင် မလွယ်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကို ကာယကံရှင်အမျိုးသမီးက မသိရှာပါဘူး။

သူမနဲ့ ဒေသခံသတင်းရုပ်သံတို့ တွေ့ဆုံကြရာ Devi က “ ကျွန်မ နောက်ဆုံးကလေးမွေးတာက လွန်ခဲ့တဲ့ (၂၁)နှစ်ကပါ … သားယောက်ျားလေး ဖြစ်ပါတယ် …. အခုမှ ကျွန်မကို အကျိုးခံစားခွင့်ရှိသူအဖြစ် ထည့်သွင်းထားတာကို သိရတာပါ … လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မကို ပိုက်ဆံတွေ လာပေးကြတယ် … ကျွန်မလည်း ကြောင်သွားတာပေါ့ …”

“ ဒီတော့ CSP (customer service point) centre က လူကို သွားမေးရတယ် … ကျွန်မအကောင့်က ဘယ်ဟာလဲပေါ့ … အဲဒီမှာ တာဝန်ခံက ဒီကိစ္စ ဘယ်သူမှ မသိပါစေနဲ့ပေါ့ … သူတို့ ကျွန်မနာမည်နဲ့ ထုတ်ယူထားတဲ့ ပိုက်ဆံတွေကိုလည်း ပေးပါ့မယ်ပေါ့ … တကယ်က အမှုဖြစ်လာရင် ကျွန်မတို့ပါ ကြံရာပါဖြစ်အောင် ဆွဲသွင်းတာ ”လို့ သူမက ပြောပါတယ်။

Freepik_weMD

အကျင့်ပျက်ခြစားတဲ့ အရာရှိတစ်ယောက်ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ နောက်ထပ် စာရင်းလိမ်ညာဖြည့်သွင်းခံရသူကတော့ Shanti Devi ဖြစ်ပြီး၊ အသက်(၆၀)ဝန်းကျင်ပါ။ စာရင်းမှာ (၈)လအတွင်း သမီးမိန်းကလေး (၅)ဦးအထိ မွေးတယ်ဆိုပြီး ယုတ္ထိမတန်စွာ လိမ်လည်ဖြည့်သွင်းခံရသူ ဖြစ်ပါတယ်။

သက်ဆိုင်ရာကို ကွန်ပလိန်းတက်တော့ သူတို့ မှားယွင်းဖြည့်မိတာလို့ ဝေ့လည်ကြောင်ပတ် ပြောပါသတဲ့။ လက်ရှိအချိန်မှာတော့ ဒီစုံစမ်းစစ်ဆေးမှုကို ခရိုင်မှူးအဆင့်ရှိသူ Rajesh Kumar က ဦးဆောင်စစ်ဆေးနေပြီး၊ မကြာမီမှာတော့ မရိုးမသားပြုလုပ်သူတွေကို ဥပဒေအတိုင်း အရေးယူနိုင်မှာပါလို့ ပြောပါတယ်။

လင်းသူရိန်

SHARE