တက်တူးပညာရှင်မှန်ရင် ပုံဆွဲတဲ့ စွမ်းရည်က သာမန်ထက်တော့ ထူးကဲသာလွန်နေတတ်ပါတယ်။ ဒါပေမယ့် ဘရာဇီး တက်တူးဆရာမလေးတစ်ဦးကတော့ ဒီအချက်ကို ပြောင်းပြန်လှန်လိုက်ပါတယ်။ သူမက လုံးဝပုံမဆွဲတတ်ပါဘူး။
Helen Fernandes ဟာ တကယ်ပုံမဆွဲတတ်ကြောင်း ဝန်ခံထားခဲ့ပေမယ့် ဘရာဇီးနိုင်ငံ Salvador de Bahia မှာ Malfeitona ဆိုတဲ့ တက်တူးစတူဒီယိုတစ်ခု ဖွင့်လို့ထားပါတယ်။ သူမက tatuagens peba ဆိုတဲ့ တက်တူးတွေကို အထူးပြုရေးဆွဲပေးပါတယ်။ tatuagens peba ရဲ့ အဓိပ္ပာယ်ကတော့ “အပေါစား တက်တူး” ဖြစ်ပါတယ်။

သူမကို ငယ်စဉ်က မိဘတွေက ဘုရားကျောင်းကို ခေါ်သွားတဲ့အချိန် ငြိမ်နေအောင် ပုံဆွဲခိုင်းလေ့ရှိခဲ့ရာမှ သူမက ပုံတွေ လျှောက်ဆွဲရတာ ဝါသနာပါလာခဲ့ကြောင်း ဆိုပါတယ်။ သူမဟာ ၂၀၁၄ တုန်းက သူငယ်ချင်းတစ်ယောက်အတွက် လင်းနို့ပုံတစ်ပုံ ဆွဲပေးခဲ့ရာမှ ထိုသူငယ်ချင်းက အဲ့ဒီပုံကို တက်တူးထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်က ကြောင်ပုံ နောက်သူငယ်ချင်းတစ်ယောက်က ဒိုင်နိုဆောပုံ ဒီလိုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် သူမ ပိုပြီး တက်တူးထိုးဖို့ ခွန်အားဖြစ်လာခဲ့ပါတယ်။
ယခုအခါ သူမရဲ့ ပရိသတ်တွေကတော့ သူမရဲ့ လက်ရာတွေဟာ မူလတန်းအရွယ်ကလေးက ပုံဆွဲထားတာလေးတွေနဲ့ တူပြီး အရမ်းကို ထူးခြားတဲ့အတွက် တက်တူးတွေက နာမည်ကျော်နေရခြင်းဖြစ်ကြောင်း မှတ်ချက်ပေးကြပါတယ်။ သူမရဲ့ Instagram ကတော့ @malfeitona ဖြစ်ပါတယ်။ Follower က ၇ သောင်းကျော်တောင် ရှိပါတယ်။













Ref: Bored Panda