ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး၊ အခမ်းနားဆုံး အားကစားပြိုင်ပွဲ ဖြစ်နေတာ တကယ်တော့ မဆန်းလှပါဘူး။ ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းပါ။ လူကြိုက်များရတာလည်း ရလဒ်ကို ခန့်မှန်းရ အခက်ဆုံး၊ ဘာမဆို အဖြစ်နိုင်ဆုံး၊ ခံစားမှု ရသပေါင်းစုံ အပေးစွမ်းနိုင်ဆုံး အားကစားဖြစ်နေလို့ပါ။

အထူးသဖြင့် အစဉ်အလာ၊ ကစားသမားအင်အားတွေအရ တောင့်တင်းပါတယ်လို့ သတ်မှတ်ထားတဲ့ အသင်းတွေတောင် တစ်ခါတစ်လေမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အသင်းငယ်တွေကို ရှုံးတတ်ပါသေးတယ်။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပရိသတ်ကြား ရေပန်းစားပြီး ထင်ရှားနေတာ မဟုတ်ပေမယ့် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေကိုတောင် အခက်တွေ့အောင် စွမ်းဆောင်နိုင်ဖွယ်ရှိနေတဲ့ အောက်အသင်းတွေ ရှိနေပါတယ်။
အိုက်စလန်

ခရိုအေးရှားနဲ့ တူရကီတို့လို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရခဲ့ဖူးတဲ့ အသင်း(၂)သင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်ခဲ့တဲ့ အိုက်စလန်အသင်းရဲ့ စွမ်းဆောင်မှုက အထင်ကြီးလေးစားဖို့ ကောင်းလွန်းပါတယ်။ လူဦးရေ (၃)သိန်းကျော်သာရှိပြီး တစ်နှစ်တာပတ်လုံး အေးခဲနေတဲ့ အိုက်စလန်ကျွန်းနိုင်ငံငယ်လေးရဲ့ လက်ရွေးစင် ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်ယူရိုပြိုင်ပွဲတုန်းကလည်း အင်္ဂလန်အသင်းကို ရှုံးထွက်အဆင့်မှာ ဖြုတ်ချခဲ့ပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အိုက်စလန်အသင်းရဲ့ နည်းပြကတော့ သွားဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ ဟိုင်မီးယား ဟယ်လ်ဂရင်ဆင်ပါ။ အသင်းရဲ့ အဓိက ကစားသမားကတော့ ပရီးမီးယားလိဂ်က အဲဗာတန်ကလပ်မှာ ကစားနေတဲ့ ဆီဂတ်ဆန်ပါ။ အသက်(၂၀)ပဲရှိသေးတဲ့ အိုက်စလန်ရဲ့ လူငယ်တိုက်စစ်မှူး ဂူမန်ဆင်ကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမားတစ်ဦးအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက သတ်မှတ်ထားကြပါတယ်။ ခြေစစ်ပွဲမှာ ကျော်ဖြတ်လာခဲ့တဲ့ ခရိုအေးရှား၊ ဗိုလ်ဆွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား၊ အာဖရိကလင်းယုန်တွေလို့ ဘောလုံးပရိသတ်တွေ ခေါ်ကြတဲ့ နိုင်ဂျီးရီးယားတို့နဲ့အတူ အိုက်စလန်ပါဝင်နေတဲ့ အုပ်စု(D)ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျပ်တည်းဆုံးအုပ်စုပါ။ ဘယ်အသင်းတွေ နောက်တစ်ဆင့်တက်ပြီး ဘယ်အသင်းတွေ ကျန်ခဲ့မယ်ဆိုတာ ခန့်မှန်းရခက်လွန်းပြီး အိုက်စလန်အသင်း ဘာတွေလုပ်ပြသွားဦးမလည်းဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ပနားမား
တောင်အမေရိကတိုက်နဲ့ မြောက်အမေရိကတိုက်ကြားက လူဦးရေ(၄)သန်းပဲရှိတဲ့ ပနားမားအသင်းကတော့ ခြေစစ်ပွဲအဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိပ်မက်ဆန်ဆန်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်တဲ့အတွက် တစ်နိုင်ငံလုံး နိုင်ငံတော်အခမ်းအနားနဲ့ အောင်ပွဲခံခဲ့တဲ့အထိ ပနားမားပြည်သူတွေရဲ့ ဘောလုံးချစ်စိတ်ဟာ ပြင်းထန်ခဲ့ပါတယ်။

ပနားမားအသင်းကို ခြေစစ်ပွဲအောင်ဖို့ စွမ်းဆောင်ပေးခဲ့သူကတော့ ကိုလံဘီယာလူမျိုး ၀ါရင့်နည်းပြ ဒါရီယို ဂိုးမက်ဇ်ပါ။ ပနားမားပြည်သူတွေက ချစ်စနိုးနဲ့ El Bolillo (အယ်လ် ဘိုလီလို)လို့ ခေါ်ကြတဲ့ ဂိုးမက်ဇ်ဟာ (၁၉၉၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်း၊ (၂၀၀၂)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီကွေဒေါအသင်းတွေကို ခြေစစ်ပွဲအောင်ဖို့ စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အသင်းကို အဓိကဦးဆောင်သွားမှာကတော့ အသက်(၃၇)နှစ်အရွယ် ၀ါရင့်တိုက်စစ်မှူး ဘလက်စ် အော်တေဂါ ဖြစ်ပါတယ်။ ပနားမားအတွက် (၁၁၈)ပွဲကစား၊ (၄၃)ဂိုးသွင်းပေးထားတဲ့ အော်တေဂါဟာ အသင်းရဲ့တိုက်စစ်ကို အဓိက ဦးဆောင်လာမှာဖြစ်ပြီး အားကိုးရတဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ အင်္ဂလန်တို့လို အသင်းတွေ ပါဝင်တဲ့ အုပ်စု(G)ထဲက ပနားမားအသင်းရဲ့ အနေအထားဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့တော့ မျှော်လင့်ချက်က နည်းပါးလွန်းနေပါတယ်။ ဒါပေမယ့် ဘာကိုမှ ယတိပြတ် ပြောလို့မရတဲ့ ဘောလုံးပွဲတွေရဲ့ ထုံးစံအတိုင်း ပြည်သူ(၄)သန်းကျော်နဲ့ တစ်သားတည်းရှိနေမယ့် ပနားမားအသင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာကတော့ …