ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကတော့ (၁၆)အသင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါပြီ။ နာမည်ကြီးအသင်းတွေဖြစ်တဲ့ စပိန်၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ ဂျာမနီတို့ကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပေမယ့် ပရိသတ်တွေရဲ့အာရုံကို ဆက်လက်ဖမ်းစားထားနိုင်ဆဲပါ။ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ပရိသတ်တွေကို ဟာခနဲ၊ ဟင်ခနဲဖြစ်သွားစေတဲ့ ပွဲကောင်းတွေ ပါဝင်ခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်ချို့ အိမ်ပြန်ခဲ့ရပါတယ်။ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ပရိသတ်တွေရင်ထဲ စွဲမြဲသွားစေခဲ့တဲ့၊ ဘယ်သူမှ ကြိုပြီးမမျှော်လင့်ထားတဲ့ ဘောလုံးသူရဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
ကီလီယန် အမ်ဘာပေ
(၃၀.၆.၂၀၁၈)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ပွဲစဉ်မှာတော့ ပရိသတ်အများစုက မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားဟာ ပြင်သစ်ကို အသာအယာပဲ ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို ရောက်သွားနိုင်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပါတယ်။ တကယ်တမ်း ပွဲကစားတဲ့အခါမှာတော့ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြင်သစ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ (၃-၄) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အဲဒီနေ့က ပွဲစဉ်မှာ ပြင်သစ်အတွက် အထူးခြေစွမ်းပြခဲ့တာကတော့ အသက်(၁၉)နှစ်သာ ရှိသေးတဲ့ လူငယ်ကစားသမားလေး ကီလီယန် အမ်ဘာပေ ဖြစ်ပါတယ်။ အာဂျင်တီးနား ခံစစ်ကစားသမားတွေဟာ ပေါက်ကွဲအားပြင်းထန်တဲ့ မြန်နှုန်းမြင့်လူငယ်လေး အမ်ဘာပေကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဘာပေဟာ ပြင်သစ်အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး (၁)ဂိုးဖန်တီးပေးခဲ့နိုင်ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး တစ်ပွဲတည်း(၂)ဂိုး သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


အီဂေါ အကင်အိဗ်
ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ စပိန်နဲ့ အိမ်ရှင်ရုရှားတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာတော့ အားလုံးက စပိန်ဟာ ရုရှားကို သာသာယာယာနဲ့ ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပါတယ်။ အိမ်ရှင်ပရိသတ်ရဲ့ တခဲနက် အားပေးမှုနဲ့အတူ အသင်းလိုက် စုစည်းမှုကောင်းမွန်တဲ့ ရုရှားဟာ စပိန်ကို အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့ပြီး သာမန်ပွဲကစားချိန် မိနစ်(၉၀)နဲ့ အချိန်ပို ပွဲကစားချိန် မိနစ်(၃၀)မှာပါ (၁-၁)ရလဒ်နဲ့ သရေကျနေခဲ့ပါတယ်။ အနိုင်၊ အရှုံးရလဒ်အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ရုရှားအသင်းခေါင်းဆောင် ဂိုးသမား အကင်အိဗ်ဟာ အထူးလက်စွမ်းပြပြီး စပိန်အသင်းဘက်က ကိုကီနဲ့ အက်စ်ပတ်တို့ရဲ့ ကန်သွင်းမှုတွေကို ကာကွယ်ကာ ရုရှားအသင်းကို ကွာတားဖိုင်နယ်အဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။


အက်ဒီဆင် ကာဗာနီ
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာကျော် ပေါ်တူဂီဘောလုံးသမား ရော်နယ်ဒိုအတွက် နောက်ဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပွဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်တွေဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရော်နယ်ဒိုရဲ့ အထူးခြေစွမ်းပြမှုတွေကြောင့် ပေါ်တူဂီနဲ့ ဥရုဂွေးတို့ပွဲမှာ ပေါ်တူဂီအနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားမယ်လို့ ကြိုတွက်ခဲ့ကြပါတယ်။ ပွဲအပြီးမှာ (၂-၁)ရလဒ်နဲ့ ဥရုဂွေးက အနိုင်ရခဲ့သလို အဲဒီပွဲမှာ ဥရုဂွေးအတွက် အနိုင်ဂိုး(၂)ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီကတော့ ဥရုဂွေးကို အားပေးသူ ပရိသတ်တွေအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကာဗာနီသွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးစလုံးကလည်း သေသပ်လွန်းလှပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အလှပဆုံးဂိုးတွေထဲမှာ ပါဝင်နေတယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။


ဂျော်ဒန် ပစ်ခ်ဖို့ဒ်
ပြိုင်ပွဲကြီးတွေမှာ အင်္ဂလန်အသင်းဟာ ပင်နယ်တီနဲ့ ပတ်သက်ရင် ကျိန်စာသင့်နေတဲ့ အသင်းပါ။ အင်္ဂလန်ဟာ (၁၉၉၀)၊ (၁၉၉၈)၊ (၂၀၀၆) ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပင်နယ်တီကြောင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရတဲ့ အသင်းလည်းဖြစ်ပါတယ်။ ကိုလံဘီယာနဲ့ အင်္ဂလန်တို့ရဲ့ ရှုံးထွက်ပွဲမှာလည်း ပွဲချိန်မိနစ်(၉၀)နဲ့ အချိန်ပို မိနစ်(၃၀)မှာ (၁-၁)ရလဒ်နဲ့ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ အင်္ဂလန်အသင်းပရိသတ်တွေကတော့ အရမ်းပဲ စိတ်ပျက်ခဲ့ကြပြီး ဒီတစ်ခါလည်း အင်္ဂလန်အသင်း အိမ်ပြန်ရပြီလို့ တထစ်ချ သတ်မှတ်ခဲ့ကြတာပါ။ ဘယ်သူမှ မထင်မှတ်ထားလောက်အောင်ပဲ အင်္ဂလန်အသင်းရဲ့ မထင်မရှားဂိုးသမား ပစ်ခ်ဖို့ဒ်ဟာ ကိုလံဘီယာအသင်းရဲ့ နောက်ဆုံးပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်သွားနိုင်ခဲ့ပြီး အင်္ဂလန်အသင်းကို ပင်နယ်တီ ကျိန်စာဆိုးက လွတ်မြောက်အောင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။


ဂျပန်အသင်းနဲ့ ဂျပန်ပရိသတ်များ
ဂျပန်ကတော့ ရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံကို (၃-၂)ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတဲ့ အသင်းပါ။ ပထမပိုင်းမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေပြီး ဒုတိယပိုင်းအစမှာ ဂျပန်အသင်းက ဦးဆောင်ဂိုး (၂)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာအဆင့်ကစားသမား အများအပြား ပါဝင်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ နောက်ကနေ လိုက်ကစားပြီး (၃)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂျပန်အသင်းနဲ့ ဂျပန်ပရိသတ်တွေ အားလုံးကြေကွဲခဲ့ရပါတယ်။ ရှုံးနိမ့်လို့ အိမ်ပြန်ရတဲ့ အသင်းတွေများစွာ ရှိပေမယ့်လည်း ထူးထူးခြားခြားပဲ ဂျပန်အသင်းကတော့ သူ့ရဲ့ပရိသတ်ကို အရိုအသေပေးပြီး ပြန်တောင်းပန်ခဲ့ပါတယ်။ အရှုံးရလဒ်ကြောင့် အိမ်ပြန်ရတော့မှာ ဖြစ်ပေမယ့် ဂျပန်ပရိသတ်တွေကတော့ သူတို့ရဲ့အစဉ်အလာကို မဖျက်ခဲ့ပါဘူး။ ဂျပန်အသင်းကစားတဲ့ပွဲတွေကို ကွင်းထဲအထိ လိုက်လံအားပေးတဲ့ ဂျပန်ပရိသတ်တွေဟာ ပွဲအပြီးမှာ အမှိုက်ကောက်ပြီး ကွင်းသန့်ရှင်းရေးလုပ်ပေးတဲ့ အစဉ်အလာကို ဆက်ထိန်းသိမ်းခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပွဲအပြီးမှာ မျက်ရည်တွေဝဲနေတဲ့ ဂျပန်ပရိသတ်တွေ ကွင်းထဲက အမှိုက်တွေ ကောက်ပေးနေတဲ့ ပုံရိပ်တွေဟာ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေကို ကြေကွဲစေခဲ့ပါတယ်။ ဂျပန်အသင်းကလည်း သူတို့ရဲ့ ပရိသတ်တွေနည်းတူ သူတို့အသင်းရဲ့ အ၀တ်လဲခန်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ပေးသွားခဲ့ပြီး ကွင်းဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း အမှတ်တရ ပို့စ်ကဒ်လေးတစ်ခုတောင် ချန်ထားပေးခဲ့ပါတယ်။ ပြိုင်ပွဲကနေ အရှုံးရလဒ်နဲ့ နှုတ်ဆက်ထွက်ခွာသွားခဲ့ချိန်မှာတောင် ကိုယ့်ရဲ့အဆင့်အတန်းနဲ့ စိတ်ဓာတ်ကို လုပ်ရပ်နဲ့ အကောင်းဆုံး သက်သေပြသွားခဲ့တဲ့ ဂျပန်လူမျိုးတွေရဲ့ အပြုအမူကတော့ လေးစားအားကျ အတုယူဖို့ ကောင်းလွန်းလှပါတယ်။

