(၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်ဘဲ တောက်ပခဲ့တဲ့ ဘောလုံးသူရဲကောင်းများ

(AP Photo/Natacha Pisarenko)

(၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အုပ်စုအဆင့်ပြိုင်ပွဲတွေ ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သလို ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ အသင်းတွေနဲ့ အိမ်ပြန်ရမယ့် အသင်းတွေလည်း အားလုံးနီးပါး အဖြေထွက်ပေါ်သလောက် ဖြစ်နေပါပြီ။ မမျှော်လင့်တဲ့ ရလဒ်တွေနဲ့ ပရိသတ်တွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်စေတတ်တဲ့ ကမ္ဘာ့ဖလားပွဲတွေရဲ့ အစဉ်အလာအတိုင်း ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အနေအထားတွေ များစွာဖြစ်ပေါ်ခဲ့ပါတယ်။ ကမောက်ကမရလဒ်တွေကြောင့် လူအထင်ကြီးမခံရတဲ့ အသင်းအချို့ဟာ ခြေစွမ်းပြနေခဲ့သလို လူကြိုက်နည်းတဲ့ အသင်းတွေနဲ့ အဲ့ဒီအသင်းတွေထဲက မမျှော်လင့်ဘဲ အထူးခြေစွမ်းပြနေတဲ့ ကစားသမားအချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

လိုဇာနို (မက္ကဆီကို)

(AP Photo/Antonio Calanni)

ဇွန်လ(၁၇)ရက်နေ့က (၂၀၁၄)ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနဲ့ မက္ကဆီကိုအသင်းတို့ဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(F)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ လူမသိသူမသိ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မက္ကဆီကိုအသင်းဟာ အဘက်ဘက်က သူတို့ထက်သာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဂျာမနီကို ဂိုးပြတ်မရှုံးရအောင် မနည်းပိတ်ဆို့ ကစားရမယ်လို့ အားလုံးက သတ်မှတ်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့အခါမှာတော့ မက္ကဆီကိုဟာ ဂျာမနီကို ပွဲချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပြီး သူတို့ရဲ့ ခြေစွမ်းအမှန်ကို ပြသနိုင်ခဲ့ပါတယ်။ အကြိမ်ကြိမ်ထိုးဖောက်နေတဲ့ မက္ကဆီကို တိုက်စစ်ကို ဂျာမနီခံစစ်ဟာ အကောင်းဆုံး ခုခံကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန်(၃၅)မိနစ်မှာတော့ မက္ကဆီကိုတောင်ပံကစားသမား လိုဇာနိုရဲ့သွင်းဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ လိုဇာနိုရဲ့သွင်းဂိုးကြောင့် မက္ကဆီကိုနိုင်ငံမှာ အားပေးနေတဲ့ ပရိသတ်တွေ ခုန်ပေါက်အောင်ပွဲခံကြတာ ငလျင်အသေးစားလေးတစ်ခုတောင် ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဂိုလိုဗင် (ရုရှား)

(AP Photo/Matthias Schrader)
(AP Photo/Antonio Calanni)

ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၇၀)မှာ ရှိနေတဲ့ ရုရှားအသင်းရဲ့ ခြေစွမ်းကို ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေ သံသယဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းကလည်း ဒီလောက် ဘောလုံးအဆင့်နိမ့်တဲ့နိုင်ငံမှာ ကမ္ဘာ့ဖလားကျင်းပဖို့ ရွေးချယ်ခဲ့တဲ့ ဖီဖာကို မီဒီယာတွေက ၀ိုင်းဝန်းပြစ်တင်ခဲ့ပါတယ်။ ဇွန်လ(၁၆)ရက်နေ့မှာ ကစားခဲ့တဲ့ ရုရှားနဲ့ ဆော်ဒီတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာတော့ ရုရှားဟာ ဘောလုံးပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ အထင်အမြင်တွေ လွဲမှားကြောင်း သက်သေပြခဲ့ပါတယ်။ (၅-၀)ရလဒ်နဲ့ ဆော်ဒီအသင်းကို ရုရှား အသင်းအနိုင်ရရှိခဲ့တဲ့ အဲဒီပွဲမှာ ကမ္ဘာ့ဖလားသမိုင်းမှာ အိမ်ရှင်အသင်းရဲ့ ဂိုးအပြတ်ဆုံး အဖွင့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီနိုင်ပွဲမှာ ရုရှားအတွက် အထူးခြေစွမ်းပြခဲ့သူကတော့ ကွင်းလယ်ကစားသမား ဂိုလိုဗင်ပါ။ အဲဒီနေ့က ရုရှားအသင်းအတွက် ဂိုးသွင်းခွင့်(၂)ကြိမ်ဖန်တီးပေးခဲ့ပြီး (၁)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂိုလိုဗင်ကတော့ အိမ်ရှင်ရုရှားပရိသတ်တွေအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှ စတိုင်လ်အကျဆုံး ကစားသမား (၅)ဦး

ကီဗင် ထရစ်ပီယာ (အင်္ဂလန်)

(AP Photo/Alastair Grant)

ပနားမားကို (၆-၁)နိုင်ခဲ့တဲ့ ရလဒ်ဟာ အင်္ဂလန်အသင်းအတွက် အတိုင်းထက်အလွန် စိတ်ကျေနပ်စရာ ကောင်းလွန်းနေပါတယ်။ ဒီပွဲဟာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး လူငယ်ကစားသမားတွေ များလွန်းတဲ့ အင်္ဂလန်အသင်းအတွက်လည်း စိတ်ဓာတ်တက်ကြွဖွယ်ရာ ရလဒ်တစ်ခုပါ။ ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သူများစွာရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းဆိုရင် (၃)ဂိုးသွင်းပြီး ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းကို ရွေးချယ်ပြီးနောက်မှာတော့ အင်္ဂလန်ရဲ့ သူရဲကောင်းအဖြစ် ညာနောက်ခံကစားသမား ထရစ်ပီယာကို ရွေးချယ်ချင်ပါတယ်။ အင်္ဂလန်အသင်းဟာ အဲဒီ့နေ့ကပွဲမှာ ဂိုးရနိုင်တဲ့အခွင့်အရေး(၁၄)ကြိမ် ဖန်တီးနိုင်ခဲ့ပြီး ထရစ်ပီယာ တစ်ဦးတည်းက (၆)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာပါ။ ထရစ်ပီယာရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးဖန်တီးမှုဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စံချိန်တစ်ခုဖြစ်ခဲ့ပြီး ဘယ်ကစားသမားမှ ထရစ်ပီယာလို စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။ အင်္ဂလန်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ပွဲတည်း ဂိုးရနိုင်တဲ့ အခွင့်အရေး အများဆုံးဖန်တီးထားနိုင်တဲ့ ဘက်ခမ်းရဲ့ စံချိန်ကို ထရစ်ပီယာ လိုက်မှီနိုင်ခဲ့ပါတယ်။

ဟိုဆေး မာရီယာ ဂျီမီနက်ဇ် (ဥရုဂွေး)

(AP Photo/Vadim Ghirda)

ဥရုဂွေးအသင်းကတော့ အုပ်စု(A)မှာ (၃)ပွဲကစား၊ (၃)ပွဲနိုင်၊ (၅)ဂိုးသွင်း၊ ပေးဂိုးမရှိ ရလဒ်တွေနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။ ဆွာရက်ဇ်၊ ကာဗာနီတို့လို့ တိုက်စစ်မှူးကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဥရုဂွေးအတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အထူးခြေစွမ်းပြခဲ့တာကတော့ ခံစစ်ကစားသမားတွေ ဖြစ်ပါတယ်။ ခံစစ်ကစားသမားတွေထဲကမှ ဥရုဂွေးအတွက် သူရဲကောင်းဖြစ်ခဲ့တာကတော့ နောက်ခံလူ ဂျီမီနက်ဇ်ပါ။ ဥရုဂွေးရဲ့ အုပ်စုပွဲ(၃)ပွဲမှာ (၂)ပွဲ ပါဝင်ကစားပေးထားသလို အီဂျစ်နဲ့ ပွဲမှာ အဖိုးတန်(၃)မှတ် ပိုင်ဆိုင်စေမယ့် နောက်ကျအနိုင်ဂိုးကို ပွဲချိန်(၈၉)မိနစ်မှာ ဥရုဂွေးအတွက် သွင်းယူပေးနိုင်ခဲ့ပါတယ်။

READ
၂၀၁၈ကမ္ဘာ့ဖလားပွဲအကြောင်း အသေးစိတ်အချက်အလက်များ စုစည်းမှု

ပါရီဆစ် (ခရိုအေးရှား)

(AP Photo/Vadim Ghirda)
(AP Photo/Vadim Ghirda)

ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အကြပ်တည်းဆုံး အုပ်စုလို့ သတ်မှတ်ထားတဲ့ အုပ်စု(F)မှာ (၃)ပွဲကစား၊ (၃)ပွဲနိုင်၊ ရမှတ်(၉)မှတ်၊ (၇)ဂိုးသွင်းပြီး ပေးဂိုး(၁)ဂိုးနဲ့ အုပ်စုဗိုလ်ဖြစ်ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းရဲ့ ခြေစွမ်းက အထင်ကြီးလေးစားစရာပါ။ နိုင်ဂျီးရီးယား၊ အာဂျင်တီးနားနဲ့ အိုက်စလန်တို့လို အသင်းကောင်းတွေ ပါဝင်နေတဲ့ အုပ်စုမှာ ရှုံးပွဲလုံးဝမရှိဘဲ ပွဲတိုင်းနိုင်အောင် ကစားနိုင်ခဲ့လို့လည်း ခရိုအေးရှားအသင်းရဲ့ ပရိသတ်တွေဟာ ကမ္ဘာ့ဖလားအိပ်မက်ကို မက်နေကြပါပြီ။ ခရိုအေးရှားအသင်းရဲ့ နိုင်ပွဲတွေမှာ အရေးပါခဲ့တဲ့ မိုဒရစ်နဲ့ ရာကီတစ်တို့ရဲ့ ကွင်းလယ်အတွဲထက် တောင်ပံကစားသမား ပါရီဆစ်ကို သူရဲကောင်းအဖြစ် သတ်မှတ်ချင်ပါတယ်။ မိနစ်(၉၀)လုံးလုံး မမောမပန်းနဲ့ ရှေ့နောက်လွန်းထိုးပြီး ပွဲတိုင်းခြေစွမ်းပြ ကစားခဲ့တဲ့ ပါရီဆစ်ဟာ ပြိုင်ဘက်နောက်တန်းတွေကို တစ်ချိန်လုံး အလုပ်ရှုပ်စေခဲ့ပြီး သူ့ကြောင့်မို့လို့လည်း ခရိုအေးရှားအသင်း တိုက်စစ်က အသက်ဝင်ခဲ့တာပါ။ အိုက်စလန်နဲ့ပွဲမှာတော့ ခရိုအေးရှားအသင်းအတွက် နောက်ကျအနိုင်ဂိုးကို ပွဲချိန် မိနစ်(၉၀)မှာ ပါရီဆစ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။

SHARE