(၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရှေ့အရင်က ကမ္ဘာ့ဖလားပြိုင်ပွဲတွေလိုမျိုးပဲ အစဉ်အလာမပျက် ရင်ခုန်ခံစားဖွယ်ရာ ရသမျိုးစုံနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ဆဲပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကမောက်ကမ ရလဒ်တွေကြောင့် ၀မ်းသာပျော်ရွှင်နေရတဲ့သူတွေ အများကြီးရှိသလို မျက်ရည်တွေနဲ့ ဖြည်မဆည်နိုင်ဖြစ်နေတဲ့ လူတွေလည်း မနည်းလှပါဘူး။ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ၊ ရလဒ်တွေကြောင့် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားနည်းဖြစ်နေတဲ့ ဘောလုံးမှာတော့ ဘာကိုမှ တစ်ထစ်ချ ကြိုတွက်ထားလို့ မရပါဘူး။
ဟက်ထရစ်ရှင် ရော်နယ်ဒ်ဒို
ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ စပိန်အသင်း ပါဝင်နေပါတယ်။ ပေါ်တူဂီအသင်းကတော့ နာမည်ကျော် ရော်နယ်ဒို ဦးဆောင်လာပေမယ့် ရှေ့၊လယ်၊နောက် ဘယ်နေရာမှာမှ စပိန်အသင်းရဲ့ တောင့်တင်းမှုကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် တကယ်တမ်း ပွဲကစားတဲ့အခါမှာတော့ ရော်နယ်ဒိုဟာ အထူးခြေစွမ်းပြပြီး စပိန်အသင်းဘက်ကို ဟက်ထရစ်(၃ ဂိုး)သွင်းယူနိုင်ခဲ့ကာ စပိန်အသင်းဆီက အဖိုးတန် သရေတစ်မှတ်ကို ပေါ်တူဂီအသင်းအတွက် ရယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ စပိန်ကို ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီး တတိယဂိုးသွင်းပြီးတဲ့အချိန်မှာ အောင်ပွဲခံခဲ့တဲ့ဟန်ကလည်း ပြောစမှတ်တွင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆိတ်တစ်ကောင်ပုံစံ မျက်နှာဟန်ပန်ကို လုပ်ပြပြီး အောင်ပွဲခံခဲ့တာပါ။ ဒါဟာ သူ့ရဲ့ အဓိကပြိုင်ဘက် မက်ဆီကို လှောင်ပြောင်ခဲ့တာဖြစ်ပြီး ထာဝရအကောင်းဆုံး ဘောလုံးသမား(Greatest Of All Time)ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့ အတိုကောက် GOAT (ဆိတ်)ရဲ့ ဟန်ပန်မျိုး လုပ်ပြခဲ့တာဖြစ်ပါတယ်။
Cristiano’s celebration is the “G O A T” celebration. 🐐 pic.twitter.com/AquuuZJLOe
— Cristiano Ronaldo (@TeamCRonaldo) June 15, 2018
မက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ အိုက်စလန်ဂိုးသမား/ရုပ်ရှင်ဒါရိုက်တာ
အိုက်စလန်ဆိုတာ လူဦးရေ(၃)သိန်း(၄)သောင်းပဲရှိတဲ့ ကျွန်းနိုင်ငံငယ်လေးပါ။ အိုက်စလန်ရဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဒီတစ်ခေါက်မှာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ရုရှားကို အိုက်စလန်ပရိသတ် (၃)သောင်းခွဲလောက် လာရောက်အားပေးတယ်လို့လည်း သိရပြီး ဒါဟာ သူတို့နိုင်ငံလူဦးရေရဲ့ (၁၀)ပုံ(၁)ပုံပါ။ အိုက်စလန်ရဲ့ ကမ္ဘာ့ဖလားပထမဦးဆုံး ပွဲစဉ်ကိုတော့ နာမည်ကြီး အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အာဂျင်တီးနားနဲ့ အိုက်စလန်တို့ (၁-၁)ရလဒ်နဲ့ သရေကျခဲ့တဲ့ အဲ့ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အာဂျင်တီးနားအသင်းက ပင်နယ်တီ ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို ကမ္ဘာကျော်ကစားသမား မက်ဆီ ကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် အိုက်စလန်ဂိုးသမား ဟားနက်စ် ဟယ်လ်ဒေါဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ဟယ်လ်ဒေါဆန်ဟာ လက်ရွေးစင်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်ပေမယ့် မိခင်အိုက်စလန်နိုင်ငံမှာတော့ ဘောလုံးလည်းကန်သလို ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကြောင့် မက်ဆီဟာ ဒါရိုက်တာတစ်ဦးစောင့်တဲ့ ဂိုးပေါက်မှာ ပင်နယ်တီကိုတောင် ၀င်အောင် မကန်နိုင်ဘူးလို့ လှောင်ပြောင်ခံခဲ့ရပါတယ်။
လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့လို့ အိမ်ပြန်ပို့ခံရတဲ့ ခရိုအေးရှားတိုက်စစ်မှူး
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတိုင်းဟာ ပြိုင်ပွဲအတွက် ကစားသမား(၂၃)ဦးစီ မှတ်ပုံတင်ကြရတာပါ။ ဂိုးသမား (၃)ယောက် မဖြစ်မနေ ထည့်သွင်းရပေမယ့် အသင်းရဲ့ ဟန်ချက်အနေအထားပေါ်လိုက်ပြီး ရှေ့၊ လယ်၊ နောက် အချိုးအစားမျှအောင် ကစားသမားတွေကို ရွေးချယ်ပြီး ပြိုင်ပွဲကို ခေါ်ဆောင်လာကြပါတယ်။ ခရိုအေးရှားအသင်းကတော့ သူတို့အသင်းအတွက် တိုက်စစ်မှူး(၃)ဦးကိုသာ ခေါ်ဆောင်လာခဲ့ပါတယ်။ ခရိုအေးရှားဟာ ကမ္ဘာ့ဖလား ပွဲဦးထွက်မှာ နိုင်ဂျီးရီးယားနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပွဲရဲ့ ပွဲချိန်မိနစ်(၈၀)ကျော်မှာ ခရိုအေးရှားမန်နေဂျာ ဒါလစ်ဟာ ပွဲထွက်ကစားနေတဲ့ တိုက်စစ်မှူး မန်ဇူကစ်ကို အရန်ခုံပေါ်က တိုက်စစ်မှူးကာလီနစ်နဲ့ လူစားလဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကာလီနစ်က လူစားလဲဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါလစ်ဟာ အခြေအနေကို အကောင်းဆုံး ထိန်းသိမ်းပြီး ဘာမှမပြောခဲ့ပေမယ့် ပွဲအပြီးမှာတော့ ကာလီနစ်ကို အိမ်ပြန်ပို့ခဲ့ပါတယ်။
OFFICIAL: #Croatia have sent #ACMilan striker Nikola Kalinic home from the #WorldCup, as he refused to come on against #NGA. https://t.co/TYyc3NcQnn #CRO pic.twitter.com/KK3RAWEiTC
— footballitalia (@footballitalia) June 18, 2018
ကမ္ဘာ့ဖလားချန်ပီယံကို အလဲထိုးခဲ့တဲ့ တောင်ကိုရီးယား
(၂၀၁၄)ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းဟာ (၂၀၁၈)ကမ္ဘာ့ဖလား မစတင်ခင်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းပါ။ အဖွင့်ပွဲမှာ မက္ကဆီကိုအသင်းကို ရှုံး၊ ဒုတိယပွဲမှာ ဆွီဒင်ကို အနိုင်ရခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် တောင်ကိုရီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။ တောင်ကိုရီးယားကတော့ (၂)ပွဲကစား၊ (၂)ပွဲရှုံးပြီး ဖြစ်နေလို့ ဘာမျှော်လင့်ချက်မှ မရှိဘဲ အိမ်ပြန်ရဖို့ သေချာနေပါပြီ။ ဂျာမနီဟာ တောင်ကိုရီးယားကို အနိုင်ရရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် အံ့အားသင့်ဖွယ်ရာပဲ (၀-၂)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အုပ်စုအဆင့်ကနေ လွတ်မြောက်ဖို့ ဘာမျှော်လင့်ချက်မှ မရှိပေမယ့် ကမ္ဘာ့ချန်ပီယံအသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့တဲ့ တောင်ကိုရီးယားအသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ မိခင်နိုင်ငံက ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေကပါ ၀ိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။



အာဂျင်တီးနား ရှုံးထွက်အဆင့်ကိုတက်လို့ ပွဲကြည့်စင်ပေါ်မှာ သောင်းကျန်းခဲ့တဲ့ မာရာဒိုနာ
မာရာဒိုနာဆိုတာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်၊ အခမ်းနားဆုံး ဘောလုံးသမားတွေထဲကတစ်ဦးပါ။ မိခင်နိုင်ငံ အာဂျင်တီးနားဘောလုံးအသင်းကို ကမ္ဘာ့ဖလားချန်ပီယံ(၂)ကြိမ်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ အိုက်စလန်နဲ့ သရေ၊ ဒုတိယပွဲ ခရိုအေးရှားကို ရှုံးထားတဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် နိုင်ဂျီးရီးယားနဲ့ပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။ အဲဒီပွဲမှာ အာဂျင်တီးနားအတွက် မက်ဆီ ဦးအောင်ဂိုးသွင်းခဲ့ပေမယ့် ဗစ်တာမိုးဆက်စ်က နိုင်ဂျီးရီးယားအတွက် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ အနိုင်ဂိုး အသည်းအသန် လိုအပ်နေတဲ့ အာဂျင်တီးနားဟာ ပွဲချိန်(၈၆) မိနစ်မှာတော့ နောက်ခံလူ ရိုဟိုကြောင့် ဒုတိမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ပွဲကြည့်စင်ပေါ်မှာ အာဂျင်တီးနားအသင်းကို အားပေးရင်း အောင်ပွဲခံခဲ့တဲ့ မာရာဒိုနာရဲ့ ပုံရိပ်တွေဟာ ကမ္ဘာ့ဘောလုံး ပရိသတ်တွေကြားမှာ လူပြောများစရာ ဖြစ်ခဲ့ပါတယ်။ မာရာဒိုနာကိုယ်တိုင်ကလည် ဘောလုံးပွဲအပြီးမှာ နှလုံးရောဂါဖောက်ပြီး ဆေးရုံရောက်တဲ့အထိ ဖြစ်ခဲ့ရတဲ့ပွဲပါ။

Se descompuso #Maradona #ElDiego pic.twitter.com/s3zqxx14pl
— ANGEL (@AngeldebritoOk) June 26, 2018