နောက်ဆုံးကား အမျိုးအစားသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဆိုပါ ကားအမျိုးအစားဟာ လာမယ့် ၁၈ လအတွင်းမှာ ထွက်ရှိလာတော့မှာပါ။ ယူကေ ကားကုမ္ပဏီကြီးဖြစ်တဲ့ Vauxhall Motors မှ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ကားမော်ဒယ်ကိုတော့ 2020 Mokka X လို့ နာမည်ပေးထားပါတယ်။

Mokka X ကားဟာ လျှပ်စစ်ကား အမျိုးအစားဖြစ်ပါတယ်။ 50kWh ဘက်ထရီနဲ့ Mokka X ဟာ အားအပြည့်သွင်းပြီးတိုင်း မိုင် ၂၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ ပုံမှန်အသွားအလာ အသုံးပြုမယ့်သူတွေ အတွက်ဆိုရင်တော့ အားတစ်ခါသွင်းပြီး ၇ ရက်လောက် မောင်းလို့ ရတာပါ။ ဒီကားအမျိုးအစားကိုပဲ လျှပ်စစ်ကားမဟုတ်ဘဲ လောင်စာဆီနဲ့ မောင်းနှင်နိုင်မယ့် ဗားရှင်းလည်း ထုတ်မှာဖြစ်ပါတယ်။

အင်ဂျင်ရော၊ ကားအတွင်းဘက်မှာ အဆင့်မြင့်နည်းပညာ အသုံးပြုထားပါတယ်။ ဒီဇိုင်းအကြောင်းကို ဆက်ဖော်ပြရမယ်ဆိုရင် တောင်ပံသဏ္ဍာန် အရှေ့မီးခွက်တွေနဲ့ တစ်ဆက်တည်း ပုံသွင်းထားတဲ့ အနက်ရောင်ကားစက်ဖုံးကိုတော့ “compass” လို့ အမည်ပေးထားပါတယ်။ အတွင်းပိုင်း ဒက်ရှ်ဘုတ်ကိုလည်း ဒစ်ဂျစ်တယ် မျက်နှာပြင်နဲ့ တည်ဆောက်ထားပါတယ်။

ဒီဇိုင်နာ Mark Adams ကတော့ Mokka X ရဲ့ အတွင်းဒီဇိုင်းကို အခုလို သုံးသပ်ပြထားပါတယ်။ “ကျွန်တော်တို့ကတော့ visual ပိုင်းကို အဆိပ်ထုတ်လိုက်တယ်လို့ ခေါ်ပါတယ်။ ကားဒီဇိုင်းကနေ မလိုအပ်တဲ့ အရာတွေကို ရှင်းထုတ်လိုက်တာပါ။ ဒစ်ဂျစ်တယ်မျက်နှာပြင်မှာလည်း လိုအပ်တဲ့ အချက်အလက်တွေကိုပဲ ဖော်ပြနေမှာပါ။”

၂၀၂၀ ခုနှစ်အတွင်း ဈေးကွက်ထဲ စရောက်လာမယ့် Mokka X ရဲ့ ဈေးနှုန်းကတော့ ပေါင် (၃၀,၀၀၀) ဖြစ်ပါတယ်။ တစ်နာရီကို ၉၉ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး ဘက်ထရီအားသွင်းချိန်ကတော့ မိနစ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် လုံးဝမထွက်မယ့် ကားလည်းဖြစ်ပါတယ်။ မြင်းကောင်ရေအားကတော့ ၁၃၆ ဖြစ်ပါတယ်။

Ref: The Sun , autoexpress.co.uk