လောကမှာ နွားကွဲရင်ကျားဆွဲတယ်ဆိုတဲ့ စကားကိုတော့ လူတိုင်းကြားဖူးကြမှာပါ။ အဲဒီလိုပါပဲ။ ကျွန်တောတို့ ပတ်ဝန်းကျင်မှာဆိုရင်လည်း ကျွန်တော်တို့ကို ဒုက္ခပေးဖို့ အချိန်ပြည့်စောင့်နေတဲ့ လူတွေဆိုတာ ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ်လူအများရှိနေတဲ့အချိန်ဆို အမှုမဲ့အမှတ်မဲ့ နေနေတတ်ကြပြီး ကိုယ်တစ်ယောက်တည်း ရှိတဲ့အချိန်မှ ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူမျိုးတွေနဲ့ အမြဲတမ်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေတတ်ရပါမယ်။ ဒါကို အောက်မှာရှိတဲ့ ဗီဒီယိုဖိုင်လေးက ကောင်းကောင်း သက်သေပြနိုင်ပါတယ်။
Unity & victory are synonymous🙏
Lions hunting the buffalo becomes hunted due to unity of the group…. pic.twitter.com/FbFeiqHyHH
— Susanta Nanda IFS (@susantananda3) August 25, 2020
ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း တောကျွဲအုပ်တစ်အုပ်ဟာ မြက်ခင်းပြင်တစ်ခုထဲမှာ အေအေးဆေးဆေး အုပ်စုလိုက် အစာစားနေရကြပါတယ်။ ဒါပေမယ့် သူတို့ကို အေးဆေးအစာစားခွင့်မပေးတဲ့ တိရစ္ဆာန်နှစ်ကောင် ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ ခြသေ့င်္ကြီး နှစ်ကောင်ပါပဲ။ ခြင်္သေ့ကြီးနှစ်ကောင်ဟာ ရုတ်တရက် တောကျွဲအုပ်နား အပြေးရောက်လာပြီး အမဲလိုက်ခဲ့ပါတယ်။ ဒါကိုသိတဲ့ တောကျွဲအုပ်ကလည်း ရုတ်တရက် ထပြေးခဲ့ပါတယ်။ ဒါပေမယ့် ပြေးတယ်ဆိုတာ တကွဲတပြားချင်းဆီ ပြေးတာမဟုတ်ပဲနဲ့ အဖွဲ့လိုက် အနီးနားမှာရှိတဲ့ တောင်ကုန်းလေးတစ်ခုဆီ ပြေးတက်သွားတာပါ။

အဲဒီတောင်ကုန်းပေါ်မှာ တောကျွဲအုပ်တွေ ပြန်စုမိတဲ့အချိန်မှာတော့ ခြသေ့င်္နှစ်ကောင်ဟာ တောကျွဲအုပ်နေခဲ့တဲ့ စားကျက်ကနေ ပြန်စောင့်ကြည့်နေပါတယ်။ ခဏအကြာမှာတော့ တောကျွဲအုပ်ဟာ သူတို့စားကျက်ဆီ အုပ်စုလိုက်ပြန်လာခဲ့ပြီး ခြသေ့င်္တွေကို ရန်မူခဲ့ပါတယ်။ မုဆိုးခြသေ့င်္တွေခမျာမှာလည်း သူတို့ အခြေအနေမဟန်မှန်းသိတာနဲ့ နောက်ဆုံးမှာတော့ ထွက်ပြေးခဲ့ကြပါတယ်။ အဆိုပါဗီဒီယိုကိုတော့ IFS(Indian Forest Service) အဖွဲ့အစည်းက သစ်တောအရာရှိ Susanta Nanda ရိုက်ထားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။ Shwemom ပရိသတ်ကြီးတွေလည်း ဒီဗီဒီယိုလေးကိုကြည့်ရင်း စည်းလုံးခြင်းရဲ့ သဘောတရားကို ကောင်းကောင်းနားလည်သွားဖို့ မျှော်လင့်မိပါတယ်။

Pyi Hein Kyaw