သင့်လုပ်ငန်းခွင်က ရန်သူမိတ်ဆွေတော်ကို တည်ငြိမ်စွာ ကိုင်တွယ်နည်း

သင့်ဘ၀ထဲမှာ မိတ်ဆွေလည်းဟုတ်၊ ရန်သူလည်းဟုတ်တဲ့ လူတွေရှိနေတာဟာ တကယ်ကို ရှုပ်ထွေးစေပါတယ်။ အလားတူ သင့်လုပ်ငန်းခွင်ထဲမှာပါ ထိုသို့ရန်သူမိတ်ဆွေတွေ ရှိနေမယ်ဆိုရင်တော့ တကယ်ကို ခက်ခဲပင်ပန်းစေနိုင်ပါ လိမ့်မယ်။ ရန်သူမိတ်ဆွေဆိုတာဟာ အစေးကပ်သော်လည်းပဲ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲက မနှစ်မြို့ဖြစ် နေကြတဲ့သူနှစ်ဦးကို ဆိုလိုပါတယ်။ ဒီတော့ ရှေ့တင်တွေ့တော့ ပြုံးပြုံးနဲ့ ကွယ်ရာမှာ နောက်ကျောဓားနဲ့ထိုးဖို့ ကြံစည်နေ တာတွေ ဖြစ်လာနိုင်တဲ့အတွက် သင့်လုပ်ငန်းခွင်ထဲက ရန်သူမိတ်ဆွေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလည်း၊ သင့်လုပ်ငန်းခွင်ထဲမှာ နေပျော်အောင် ဘယ်လိုနေထိုင်ရမလည်းဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အိုင်ဒီယာတွေကို မိမိဘာသာ ထိန်းသိမ်းပါ။

တကယ်လို့ သင့်လုပ်ငန်းခွင်က သင့်ရဲ့ရန်သူမိတ်ဆွေဟာ သင့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြံဥာဏ်၊ အိုင်ဒီယာတွေကို ခိုးယူပြီး တစ်ယောက်တည်း နာမည်ကောင်းယူမယ်လို့ ယူဆရတဲ့အခါ အချိန်မတန်သေးခင်အထိ သင့်ရဲ့အိုင်ဒီယာတွေကို ဘယ်သူနဲ့မှ မဝေမျှမိဖို့ ဂရုပြုပါ။ အစည်းအဝေး ကျင်းပတဲ့အခါ သို့မဟုတ် သူဌေးနဲ့ တိုက်ရိုက်ဆွေးနွေး ပြောဆိုတဲ့အခါမှ သာ သင့်အိုင်ဒီယာတွေကို ချပြသင့်ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ မည်သူနဲ့မှ ထိုအကြောင်းကို မပြောဆိုသင့်ပါ။ အကြောင်းကတော့ သင်က သူငယ်ချင်းလို့ ယူဆပြီး ပြောပြလိုက်မိတဲ့ တစ်စုံတစ်ယောက်က နှုတ်မလုံဘဲ လျှောက်ပြောမိ တဲ့အခါ သင့်အချစ်တော် ရန်သူမိတ်ဆွေကြီးဆီသို့ ပေါက်ကြားသွားနိုင်တဲ့အတွက် လုပ်ငန်းခွင်က လူတွေနဲ့ အချက် အလက်ဝေမျှခြင်းကို အထူးဂရုပြုသင့်ပါတယ်။

အတင်းမပြောပါနဲ့။

သင့်ရန်သူမိတ်ဆွေတော်ကြီးနဲ့ ပတ်သက်တဲ့ အတွေးအမြင်ကို သင့်ဝမ်းထဲမှာသာ သိမ်းထားပါ။ တစ်စုံတစ်ယောက်ရဲ့ မကောင်းကြောင်း၊ အတင်းပြောခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့တည်းမဟုတ် လူမှုရေးပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုတွေဆီကိုသာ ဦးတည်သွားနိုင်ပါတယ်။ ဒါ့အပြင် ထိုအတင်းစကားများကို လက်ခံကြားသိလိုက်ရတဲ့ ပုံစံနဲ့ သယ်ဆောင်ပေးတဲ့ လူပုဂ္ဂိုလ်ပေါ် မူတည်ပြီး နောက်ဆက်တွဲ ဆိုးကျိုးဆက်တွေ ဖြစ်ပွားနိုင်ပါသေးတယ်။ တကယ်လို့ ထိုစကားတွေဟာ သူဌေးဆီသို့ သိုးသိုးသဲ့သဲ့ ရောက်သွားမယ်ဆိုရင်လည်း သင့်အတွက် ဆုံးရှုံးမှုအတိုင်းအတာတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရလာဒ်နဲ့ မထိုက်တန်လှတဲ့အတွက် အတင်းပြောခြင်းကို လုံးဝ (လုံးဝ) ရှောင်ကျဉ်သင့်ပါ တယ်။

READ
တရားခံကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတိုင်း ထူးထူးဆန်းဆန်း အပြစ်ပေးလေ့ရှိတဲ့တရားသူကြီး

မီးမမွှေးပါနဲ့။

အမုန်းမီးဟာ နည်းလမ်းပေါင်း မြောက်များစွာ တောက်လောင်စေနိုင်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အတင်းပြောခြင်း လိုအရာမျိုးဟာလည်း မီးလောင်ရာ လေပင့်ဖြစ်စေနိုင်ပါတယ်။ ယှဉ်ပြိုင်ခြင်းဟာ သင့်ကို လက်ရှိနေရာကနေ တိုးတက်စေ နိုင်တဲ့အတွက် ကောင်းမွန်သော်လည်းပဲ တရားလွန်ဖြစ်လာတဲ့အခါ သင့်ကို ဖျက်ဆီးဖြိုချပစ်နိုင်ပါတယ်။ ပဋိပက္ခရေချိန် မြင့်တက်လာတဲ့အခါ သင့်ဒေါသကို မထိန်းလိုက်နိုင်ခြင်းဟာ သင့်ကို ပြန်လည်တောက်လောင်စေနိုင်တဲ့ မီးစကို မွှေးပေး လိုက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။

ဒါ့အပြင် ဒေါသအလျောက် ပြောမိတဲ့ စကားတွေဟာ များသောအားဖြင့် ပြန်ပြီးပြုပြင်လို့ မရနိုင်ပါဘူး။ လက်တုံ့ပြန်ခြင်းဟာ တော့ မီးစကို လောင်မြိုက်စေနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်မိတ်ဆွေရန်သူက သင့်ကို လောင်မြိုက်စေခဲ့ရင်လည်း ပြန်လည်လက်တုံ့ပြန်တာတွေ မပြုလုပ်ပါနဲ့တော့။ အပြန်အလှန် ဆတ်ဆတ်ထိမခံ လက်တုံ့ပြန်နေခြင်းအားဖြင့် ပြဿနာကို မည်သည့်အခါမျှ အဆုံးမသတ်စေနိုင်သလို နှစ်ဦးနှစ်ဘက်စလုံး ထိခိုက်နာကျင် ဆုံးရှုံးရစေနိုင်ပါတယ်။

မိမိကိုယ်ကို စမ်းစစ်ပါ။

သင်ပြုလုပ်နေမိတဲ့ အရာတွေကို ပြန်လည်စမ်းစစ်ပါ။ ထိုအရာတွေထဲက ဘယ်ဟာတွေက ပြဿနာဖြစ်စေဖို့ အားပေး အားမြှောက်ဖြစ်စေသလည်းဆိုတာ သုံးသပ်ပါ။ သင်တို့ကြားက ဆက်ဆံရေး တိုးတက်အဆင်ပြေလာစေဖို့ သင့်ရဲ့ ဘယ်အပြုအမူတွေကို ပြောင်းလဲလိုက်ရင် အဆင်ပြေနိုင်မလည်းဆိုတာ စဉ်းစားကြည့်ပါ။ သင့်အပြုအမူထဲက တစ်ချို့ကို ပြောင်းလဲလိုက်ပါက သူနဲ့ တစ်ယောက်ကိုတစ်ယောက် စောင်းမြောင်းတိုက်ခိုက်နေရတဲ့အဖြစ်က ကျွတ်လွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

READ
ဘယ်အချိန်မှာအလုပ်ထွက်မလဲ?

ပရော်ဖက်ရှင်နယ် ဆန်ပါ။

လုပ်ငန်းခွင်က လူတွေအားလုံး လိုအပ်တဲ့ အရာတစ်ခုဖြစ်တဲ့ ပရော်ဖက်ရှင်နယ်ကျကျ ပြုမူနေထိုင်ခြင်းဟာ အရေးပါပါ တယ်။ ဒီအချက်နဲ့ပဲ သင်နဲ့ သင့်ရဲ့မိတ်ဆွေရန်သူတော်ကြီးကြားက ပြဿနာတွေကို အဆုံးသတ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်မိတ်ဆွေရန်သူတော်နဲ့ ပဋိပက္ခတွေ ဖြေရှင်းဖို့လိုတဲ့အခါ ကာယကံရှင်ကိုယ်တိုင်နဲ့ မျက်နှာချင်းဆိုင် ရှင်းပါ။ နောက်ကွယ်က တစ်ခြားလူတွေရှေ့မှာ ပြောဆိုခြင်းကို ရှောင်ပါ။ အတင်းပြောခြင်းကို ရှောင်ပါ။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူတွေဟာ အတင်းမပြောကြပါဘူး။ မျက်နှာချင်းဆိုင် ရှင်းကြတဲ့အခါ အတတ်နိုင်ဆုံး သင့်စကားလုံးတွေကို ချိုသာယဉ် ကျေးစေဖို့ ဂရုပြုပါ။ တကယ်လို့ ပြဿနာဖြစ်ဖို့ အခြေတည်လာတယ်ဆိုရင်လည်း ၄င်းဖန်တီးစေတဲ့အရာကနေ ရှောင်ထွက်ပါ။ သို့မဟုတ် သင့်မိတ်ဆွေရန်သူကြီးကို ရှောင်နေပါ။

သင့်လုပ်ငန်းခွင်မှာ တွေ့နေရတဲ့ မိတ်ဆွေရန်သူတော်နဲ့ ပတ်သက်လို့ တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ပထမဦးဆုံး သင့်အပြုအမူတွေဟာ နှစ်ဦးကြား ဆက်ဆံရးကို ရှုပ်ထွေးသွားစေတဲ့ အကြောင်းရင်းဟုတ်မဟုတ် စမ်းစစ်ပြီး သေချာတဲ့အခါ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖြေရှင်းပါ။ ဒီနည်းလမ်းဟာ သင်နဲ့သူ့ကြားက အခြေအနေကို ပိုမိုငြိမ်းချမ်းစေ နိုင်သလို သည်းခံနိုင်လောက်တဲ့ အတိုင်းအတာတစ်ခုမှာ ရှိနေစေပါလိမ့်မယ်။ အားလုံးပဲ သာယာချမ်းမြေ့တဲ့ လုပ်ငန်းခွင် အနေအထားကို ပိုင်ဆိုင်နိုင်ကြပါစေ။

အလင်းဦး

SHARE