အသက်(၃၀)မတိုင်ခင်နဲ့ (၃၀) ကျော်အပြီးမှာ အမျိုးသမီးတို့ အချစ်ကိုမြင်တဲ့အမြင်

အသက်(၃၀)ဆိုတဲ့အရွယ်ဟာ အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေ ကတော့ ဒီအရွယ်ရောက်လာမှာကို စိုးရိမ်ကြောက်လန့်နေကြပေမယ့် အချို့သောအမျိုးသမီးတွေအတွက်မှာ ကျေနပ်စရာ တွေနဲ့ ပြည့်နှက်နေတဲ့ အသက်(၃၀)အရွယ် ဖြစ်ပါတယ်။ အသက်(၃၀)ဆိုတဲ့အရွယ်ဟာ ငယ်ရွယ်နုပျိုနေသေးပေမယ့် လည်း (၂၀)ကျော်ကလောက် အမှားတွေ မပြုလုပ်တော့ဘဲ စမတ်ကျကျ၊ ရင့်ကျက်စွာနဲ့ တည်ငြိမ်လှပစွာ ဘ၀ကို ဖြတ်သန်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် အသက်(၃၀)မတိုင်ခင် အမျိုးသမီးတို့ရဲ့ အချစ်အပေါ် ရှုမြင်သုံးသပ် ခံစားပုံနဲ့ (၃၀)ကျော်ပြီးမမများ ရှုမြင်ခံစားပုံတို့ကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

သူမရှိတဲ့ညနေခင်း

 

၃၀မတိုင်ခင် အရွယ်တုန်းကတော့ ကြားလေသွေးရင်တောင် ဝေးမယ်ထင်တတ်တဲ့အတွက် သူမရှိတဲ့ ညနေခင်းလေးတစ် ခုဟာ ကမ္ဘာပျက်သလို ခံစားရနိုင်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်ဖြစ်တည်မှု၊ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ဘ၀ကို နားလည်သွားတဲ့ အချိန် ၃၀ကျော်အရွယ်ရောက်တဲ့အခါမှာတော့ သူမရှိတဲ့တစ်ညနေဟာ ကိုယ့်အတွက် ဇိမ်နဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ ရှားပါးအချိန်ကလေး ဖြစ်သွားပါတော့တယ်။

ဖုန်းပြောတဲ့အခါ

၂၀ကျော်အရွယ်လေးတုန်းကတော့ ညတိုင်းဖုန်းပြောတဲ့အခါ မပြီးနိုင်မစီးနိုင်၊ ချစ်ကြည်နူး တစ်တီတူးပြီး ဖုန်းတစ်ခါတစ်ခါ ချဖို့ကို ကို အရင်ချ၊ ချစ် အရင်ချနဲ့ အချိန်တွေတိုးပြီး ဘေလ်တွေ သောက်သောက်လဲ ကုန်ကောင်းကုန်ခဲ့ပါလိမ့်မယ်။ ၃၀ ကျော်တွေရဲ့ တည်ငြိမ်လေးနက်တဲ့ အချစ်ကို တွေ့ရှိလာတဲ့အခါမှာတော့ လိုရင်းတိုရှင်း၊ အပိုအလိုတွေ ပြောမနေတတ် တော့ဘဲ စိတ်ရင်းကသာ လေးနက်တည်ကြည်ဖို့ ကြိုးစားကြပါတော့တယ်။

သ၀န်တိုအောင် ရွဲ့တတ်တဲ့အကျင့်

 

အပျံသင်စငှက်ကလေးလို အချစ်နဲ့ စတွေ့ကာစ ၂၀ကျော်အရွယ်လေးမှာတော့ ကိုယ်ကရိုးရိုးသားသားပဲ နေတတ်သူ ဆိုရင်တောင် ချစ်သူက ကိုယ့်ကိုသ၀န်တိုစေချင်တဲ့အတွက် တမင်တကာ ရွဲ့ပြီး သ၀န်တိုစေမယ့်ကိစ္စတွေကို ဖန်တီး ပြောဆိုလေ့ရှိပါတယ်။ လောကကြီးအကြောင်း နားလည်လာပြီး လူတွေအကြောင်းလည်း တစစသိရှိလာတဲ့ သုံးဆယ်ကျော်အရွယ်မှာတော့ ကိုယ့်ကြောင့် အလကားနေရင်း ချစ်သူက ပူပန်စိုးရိမ်နေရမှာ မလိုလားတဲ့အတွက် အမှန် တကယ် ယောက်ျားလေးသူငယ်ချင်းတွေနဲ့ သွားခဲ့ရင်တောင် လွှဲပြောလိုက်တာမျိုး ဖြစ်လာပါတယ်။

အချစ်ကို ပြသပုံ

၂၀ကျော်အရွယ်လေးမှာတော့ တက်တက်ကြွကြွ၊ ဖျတ်ဖျတ်လတ်လတ်နဲ့ အချစ်ငှက်ကလေးတွေအသွင် မြင်ရတာကြောင့် ချစ်စကားတီတီတာတာလေးတွေကို ပါးစပ်က တဖွဖွ ပြောလို့မ၀နိုင်အောင် ဖြစ်ပြီး သူမရဲ့အချစ်တွေကို ထုတ်ဖော်ပြသ တတ်ပါတယ်။ စကားတွေနေရာမှာ အလုပ်နဲ့ပဲ သက်သေပြချင်လာတဲ့ သုံးဆယ်ကျော်အရွယ် ရောက်လာတဲ့အခါမှာတော့ မိမိရဲ့တစ်ဖက်သားအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကို အသေးစိတ် ဂရုစိုက်စောင့်ရှောက်မှုတွေ၊ နားလည်ခွင့်လွှတ်မှုတွေနဲ့ သာ ထုတ်ဖော်ပြသကြပါတော့တယ်။

READ
အမျိုးသားတွေ ပြောတဲ့ အိမ်သာဝင်ချိန် အရမ်းကြာရတဲ့ အကြောင်းအရင်း...

ချိန်းတွေ့ဖို့ ပြင်ဆင်တဲ့အခါ

တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က စမ်းသပ်နေဆဲရှိတဲ့ ကာလဖြစ်တဲ့ ၂၀ကျော်အရွယ်မှာတော့ သူ့မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိနေမယ့် ဖက်ရှင်၊ စတိုင်လ် ၀တ်စားဆင်ယင်မှုတွေကို အထူးအားထုတ်ပြီး သူ့အရှေ့မှာ အမြဲလှနေအောင် ပြင်ဆင်ခြယ်သနေထိုင်တတ်ကြပါတယ်။ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ကသိရှိပြီး နားလည်မှုတွေနဲ့ စိတ်ချထားနိုင် တဲ့ အခြေအနေရောက်သွားတဲ့ သုံးဆယ်ကျော်အရွယ်မှာတော့ ချစ်သူရှေ့မှာ လှချင်တဲ့စိတ်ထက် မိမိကိုယ်ကို သက်သောင့်သက်သာဖြစ်စေမယ့် ၀တ်စားဆင်ယင်မှုတွေကိုသာ ပြုလုပ်ကြပါတော့တယ်။

လက်ဆောင်ပဏ္ဍာများ

ဆန်းသစ်မှုနဲ့ ရင်ခုန်ကြည်နူးမှုကို အထူးနှစ်သက်ဆဲအရွယ်ဖြစ်တဲ့ ၂၀ကျော်ကာလမှာတော့ ပန်းစည်းတွေ၊ အရုပ်တွေ၊ ချောကလက်တွေ အစရှိတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ surprise လေးတွေကို ချစ်သူက ဖန်တီးပေးတာကို လိုလားကြပါ တယ်။ အပေါ်ယံတွေထက် ရင်ထဲက ချစ်ခြင်းမေတ္တာကိုသာ မျှော်လင့်တောင့်တတော့တဲ့ သုံးဆယ်ကျော်အရွယ် ရောက်တဲ့အခါမှာတော့ မိမိရဲ့တကယ့်လိုအပ်ချက်၊ အမှတ်တမဲ့ ပါးစပ်က တောင့်တလိုက်တဲ့ အရာလေးတွေကို အလိုက် တသိ ဖြည့်ဆည်းပေးခြင်းမျိုးကိုသာ အရုပ်တွေ၊ ပန်းစည်းတွေထက် ပိုလို့တန်ဖိုးထားပါတော့တယ်။

ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်မှု

အမျိုးသမီးများဟာ သူမတို့ရဲ့ ၂၀ကျော်အရွယ်ကာလမှာတော့ ပုရိသတွေရဲ့ လည်ပြန်ငေးရစေမယ့် ဆွဲဆောင်မှု၊ ငြို့ငင်နိုင် စွမ်းတွေကို ရရှိဖို့ ကြိုးပမ်းအားထုတ်တတ်ကြပြီး တည်ငြိမ်သွားတဲ့ သုံးဆယ်ကျော်အရွယ်ရောက်တဲ့အခါ ဆွဲဆောင်မှုဖြစ်ပြီး sexy ကျတာထက် ချစ်စရာကောင်းတာမျိုးကိုသာ ပိုပြီးလိုချင်ကြပါတော့တယ်။

ကလေးလိုချင်တဲ့စိတ်

၂၀ကျော်အရွယ် အိမ်ထောင်ရှင်အမျိုးသမီးလေးများဟာ မိမိရဲ့ကိုယ်ပိုင်ဘ၀နဲ့ အနာဂတ်အတွက် စိတ်ဇောနဲ့ ကြိုးစားနေဆဲ ဖြစ်လို့ အများစုက ကလေးမလိုချင်ကြသေးပါဘူး။ ကလေးများ ရှိနေပြီလားလို့ စစ်ဆေးလိုက်တဲ့အခါတိုင်း စိတ်ထဲမှာ ခြောက်ခြားနေတတ်ပြီး ကလေးသာရှိနေရင် … ငါ့အလုပ်တွေ၊ ရည်မှန်းချက်တွေကို ဘာများဆက်လုပ်ရပါ့မလည်းဆိုပြီး တွေးတောစိုးရွံ့လေ့ရှိကြပါတယ်။ အရွယ်တစ်ခုကို ရောက်ပြီဖြစ်တဲ့ သုံးဆယ်ကျော်သွားတဲ့အခါမှာတော့ ဘ၀မှာအတိုင်း အတာတစ်ခုအထိ ပိုင်ဆိုင်ပြီးဖြစ်တဲ့အတွက် မိသားစုဘ၀ကိုသာ အာသာငမ်းငမ်း လိုချင်ကြပါတော့တယ်။

READ
သင့်ကြောင့်တစ်ဖက်သား စိတ်အနှောင့်အယှက်မဖြစ်ဖို့ ဒီအပြုအမူလေးတွေကို ရှောင်ကြမယ်

ပြင်ဆင်ခြယ်သပုံ

၂၀ကျော်အရွယ်မှာတော့ ချစ်သူရှေ့မှာ ကြည့်ကောင်းနေစေဖို့ ကိုယ်တိုင်ကမကြိုက်လည်းပဲ၊ မိတ်ကပ်တွေ အထူကြီးလိမ်း၊ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးလို့ ကိုယ့်ကိုယ်ကို ဒုက္ခခံပြီး နေတတ်ကြပါတယ်။ အရာရာကို သဘောပေါက် နားလည်စပြု လာတဲ့ သုံးဆယ်ကျော်အရွယ်မှာတော့ မိမိရဲ့မူရင်းကိုယ်ပိုင်ဟန်ကသာ ပိုမိုဆွဲဆောင်မှုရှိပြီး စစ်မှန်တယ်ဆိုတာကို သဘောပေါက်လာလို့ ကိုယ်တိုင်နှစ်သက်တဲ့ ပြင်ဆင်ဝတ်စားမှုတွေကိုပဲ ရွေးချယ်ဖြစ်ပါတော့တယ်။

ယောက်ျားတွေအပေါ် အကဲခတ်တတ်စိတ်

ငယ်တုန်းရွယ်တုန်း၊ အချစ်ကို မူးမူးမိုက်မိုက် ခံစားတုန်းဖြစ်တဲ့ ၂၀ကျော် အရွယ်လေးမှာတော့ မိမိအထင်ကြီးလေးစားတဲ့ အရာတစ်ခုခုနဲ့ ဗန်းပြလာတဲ့ ပုရိသတွေကို အထင်ကြီးအံ့သြပြီး လက်တွဲတတ်ပေမယ့် ပြင်ပလက်တွေ့ဘ၀ကို နားလည် လာတဲ့ သုံးဆယ်ကျော်အရွယ်မှာတော့ ဒီလူက အလုပ်အကိုင်မှ ရှိရဲ့လား၊ ဒီအရည်အချင်းတွေက အစစ်အမှန်ကော ဟုတ်ရဲ့လား၊ သူ့အကျင့်စာရိတ္တက ဟန်ဆောင်ထားတာလား စသဖြင့် နက်နက်နဲနဲ တွေးခေါ်ပြီး မြင်ယုံနဲ့ အကဲခတ်တတ် လာပါတော့တယ်။

အချစ်အပေါ် ရှုမြင်တန်ဖိုးထားပုံ

အချစ်ဆိုတာ လှလှပပ ၀တ်စားပြင်ဆင်ထားတဲ့ ချစ်သူနှစ်ယောက် ပန်းခင်းကြီးထဲမှာ ပြေးနေခြင်းလို့ အဓိပ္ပာယ်သတ်မှတ် ထားတဲ့ နှစ်ဆယ်ကျော်အရွယ်မှာ အချစ်ကားတွေထဲက မင်းသားမင်းသမီးတွေဟာ ကိုယ့်ရဲ့အချစ်သူရဲကောင်း ဖြစ်နေနိုင် ပေမယ့်လည်း သုံးဆယ်ကျော် အရွယ်ကို ရောက်လာတဲ့အခါမှာတော့ မိမိရှေ့မှာတင် ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ လက်တွဲမြဲဖြစ်တဲ့ အဘိုးအို၊အဘွားအိုစုံတွဲတွေက အတုယူအားကျစရာ အချစ်သူရဲကောင်းတွေအဖြစ် ပြောင်းလဲလို့သွားပါ တော့တယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အလင်းဦ (Shwemom)

Illustrations credit to brightside

SHARE