၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းကို အားပေးမှာလဲ??

©(AP Photo/Ivan Sekretarev)

မကြာခင်မှာ ယှဉ်ပြိုင်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံကိုယ်စားပြုအသင်း(၃၂)သင်းမှာ ပရိသတ်ကြိုက်တဲ့ အသင်းပေါင်းများစွာ ပါဝင်နေပါတယ်။ ဘရာဇီးလ်၊ အာဂျင်တီးနား၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ စတဲ့ အသင်းတွေကတော့ သူတို့ကိုယ်စားပြုတဲ့ နိုင်ငံအတွင်း ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ဘောလုံးကို အားပေးတဲ့ ပရိသတ်တွေကပါ နှစ်ခြိုက်ကြတဲ့ အသင်းတွေပါ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စိတ်မကောင်းစရာ အချက်ကတော့ ကမ္ဘာ့ဖလားမှာ အစဉ်အလာကြီးမားတဲ့ အီတလီနဲ့ နယ်သာလန်အသင်းတွေ ခြေစစ်ပွဲ မအောင်တာပဲ ဖြစ်ပါတယ်။

©(AP Photo/Leo Correa)

ပြိုင်ပွဲဝင် အသင်းအားလုံးထဲမှာ အအောင်မြင်ဆုံးအသင်းကတော့ ဘရာဇီးလ်အသင်းပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဆု(၅)ကြိမ်ရရှိထားသလို ပြိုင်ပွဲတိုင်းမှာလည်း ပရိသတ်တွေ ဂရုတစိုက်နဲ့ သတိထား စောင့်ကြည့်လေ့ရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်တင်အမေရိကဟန်နဲ့ ဘောလုံးကို အနုပညာမြောက်စွာ ဖျော်ဖြေမှု ရသအပြည့်ပေးပြီး ကစားတတ်တဲ့ ဘရာဇီးလ်အသင်းရဲ့ ဒီနှစ်ပြိုင်ပွဲဝင် လူစာရင်းကလည်း တောင့်တင်းလွန်းပါတယ်။ နေမာ၊ ကော်တင်ဟို၊ ဖာမီနိုတို့လို ကစားသမားတွေ ဦးဆောင်လာမယ့်တိုက်စစ်ဟာ ဘရာဇီးလ်ရင်ဆိုင်ရမယ့် အုပ်စုတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ဆာဘီးယား၊ ဆွစ်ဇာလန်နဲ့ ကော်စတာရီကာတို့ကို ဖြတ်ကျော်ဖို့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် သေချာသလောက်ရှိနေပါတယ်။

©(AP Photo/ Markus Gilliar)

ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံး အသင်းကတော့ လက်ရှိချန်ပီယံ ဂျာမနီအသင်းပါ။ (၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထူးခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တဲ့ ဂျာမနီအသင်းဟာ လူငယ်သွေးသစ် အများအပြားကို အခြေခံပြီး အသင်းကို တည်ဆောက်ထားပေမယ့် လူစာရင်းက တောင့်တင်းဆဲ ဖြစ်ပါတယ်။ (၂၀၀၆)ခုနှစ်တည်းက ဂျာမနီအသင်းကို ကိုင်တွယ်ခဲ့တဲ့ သက်တော်ရှည်နည်းပြ ဂျိုအာချင်လိုးရဲ့ ဦးဆောင်မှုနဲ့အတူ တိုနီခရူးစ်၊ ခီဒီရာ၊ အိုဇေးလ်၊ ဂန်ဒိုဂန်တို့ ပါဝင်တဲ့ ကွင်းလယ်ဟာ တောင့်တင်းလွန်းပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ(၄)ကြိမ်ဖြစ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာလည်း အတိုင်းအတာတစ်ရပ်အထိ ခြေစွမ်းပြနိုင်ခဲ့တာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှ စတိုင်လ်အကျဆုံး ကစားသမား (၅)ဦး

Tiki Taka ကစားဟန်နဲ့ ကမ္ဘာ့ဘောလုံးလောကကို သိမ်းပိုက်ခဲ့ဖူးတဲ့ စပိန်အသင်းကိုလည်း အားပေးတဲ့ ပရိသတ်အများအပြား ရှိနေပါတယ်။ (၂၀၁၀)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့ စပိန်အသင်းဟာ (၂၀၀၈)နဲ့ (၂၀၁၂)ယူရိုပြိုင်ပွဲရဲ့ ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်အထိကာလတွေဟာ စပိန်အသင်းရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတွေဖြစ်ခဲ့ပေမယ့် (၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရပါတယ်။ ရာမို့စ်၊ အင်နီယေစတာတို့လို ၀ါရင့်ကစားသမားတွေ ဦးဆောင်မယ့် စပိန်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပေမယ့် အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ရမယ့် ပေါ်တူဂီနဲ့ ပွဲကတော့ စပိန်ရဲ့ ခြေစွမ်းကို အစောဆုံး မှတ်ကျောက်တင်မယ့်ပွဲ ဖြစ်လာမှာပါ။

©(AP Photo/Ivan Sekretarev)

သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ မာရာဒိုနာနဲ့အတူ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပခဲ့ဖူးတဲ့ ကာလတစ်ခု ရှိခဲ့ပါတယ်။ (၁၉၇၈)ခုနှစ်နဲ့ (၁၉၈၆)ခုနှစ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားအသင်းဟာ (၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီးမှ အချိန်ပိုမှာ (၁-၀)ရလဒ်နဲ့ ဂျာမနီကို ရှုံးနိမ့်ခဲ့တာပါ။ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ ဆိုရမယ့် မက်ဆီဦးဆောင်ပြီး ဒိုင်ဘာလာ၊ ဟီဂွာအင်နဲ့ အဂွေရိုတို့လို ပရိသတ်အကြိုက် ထိပ်တန်းတိုက်စစ်မှူးတွေ ပါဝင်နေတဲ့ အာဂျင်တီးနားတိုက်စစ်ဟာ တောင့်တင်းလွန်းပါတယ်။ ဒါပေမယ့် ခြေစမ်းပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရတဲ့အချက်နဲ့ အိုက်စလန်၊ နိုင်ဂျီးရီးယား၊ ခရိုအေးရှားတို့လို အသင်းကောင်းတွေပါဝင်တဲ့ အုပ်စုထဲကျရောက်နေတဲ့ အချက်တွေကတော့ အာဂျင်တီးနားရဲ့ ချန်ပီယံအိပ်မက်အတွက် စိုးရိမ်စရာပါ။

©(AP Photo/Matt Dunham)

ကမ္ဘာပေါ်မှာ အားပေးသူ ပရိသတ်အများဆုံး ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်အသင်းကတော့ (၁၉၆၆)ခုနှစ်မှာ ဗိုလ်စွဲပြီးနောက်ပိုင်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရခဲ့ပါဘူး။ ပြိုင်ပွဲတိုင်းလိုလိုမှာ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲကာလမှာ ခြေစွမ်းမပြနိုင်တာကလည်း အင်္ဂလန်အသင်းရဲ့ အစဉ်အလာလို ဖြစ်နေပါပြီ။ ပရိသတ်နဲ့ ရင်းနှီးပြီးသား ပရီးမီးယားလိဂ်ဘောလုံးသမားတွေပဲ ပါဝင်လာပြီး ထိပ်တန်းတိုက်စစ်မှူး ဟယ်ရီကိန်း ဦးဆောင်မယ့် အင်္ဂလန်အသင်းဟာ လူငယ်ကစားသမားအများစု ပါဝင်နေပြီး ဒီနှစ်ပြိုင်ပွဲရဲ့ ပျှမ်းမျှအသက်အငယ်ဆုံး အသင်းလို့ သတ်မှတ်နိုင်ပါတယ်။ ခြေစစ်ပွဲတွေမှာ အမြဲလိုလိုခြေစွမ်းပြပြီး ပြိုင်ပွဲကြီးရောက်မှ ခြေချော်တတ်တဲ့ ကျိန်စာဆိုးကနေ အင်္ဂလန်အသင်း ဒီတစ်ခါ လွတ်မြောက်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များ

မြန်မာပရိသတ်တွေက ဒိုလေးလို့ ချစ်စနိုးခေါ်တဲ့ ခရစ်စတီယာနို ရော်နယ်ဒိုက မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ အငြင်းပွားဖွယ်ရာမရှိ အကျော်ကြားဆုံး ဘောလုံးသမားပါ။ ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲဖို့ အမြဲတမ်းရေပန်းစားပေမယ့် ဘယ်တော့မှ ဗိုလ်မစွဲခဲ့တဲ့ ပေါ်တူဂီအသင်းဟာ (၂၀၁၆)ခုနှစ် ယူရိုပြိုင်ပွဲမှာတော့ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့အတူ အစဉ်အလာဆိုးကို ချေဖျက်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲရဲ့ အောင်မြင်မှု အရှိန်အဟုန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သယ်လာနိုင်မလားဆိုတာတော့ ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ အချက်ပါ။ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်မှာပဲ ပြိုင်ဘက်ကောင်း စပိန်နဲ့တွေ့ဆုံနေတာကတော့ ပေါ်တူဂီအတွက် ရင်လေးစရာဖြစ်ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ဘာမဆိုဖြစ်သွားနိုင်ချေရှိတဲ့ အသင်းလို့ သတ်မှတ်နိုင်ပါတယ်။

©(AP Photo/Ivan Sekretarev)

ဖော်ပြထားတဲ့ အသင်းတွေအပြင် ကမ္ဘာ့ဖလားချန်ပီယံ (၂)ကြိမ်ဖြစ်ဖူးတဲ့ ဥရုဂွေးအသင်း၊ ရီးရဲလ်နဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်နဲ့ ရာကီတစ်တို့ကို ပိုင်ဆိုင်ထားတဲ့ ခရိုအေးရှား၊ အာဖရိက မက်ဆီလို့ ညွှန်းဆိုခံထားရတဲ့ ဆာလာပါဝင်မယ့် အီဂျစ်၊ သမိုင်းတစ်လျှောက် အကောင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ဘောလုံးပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အ၀ပေးနိုင်မှာ ဖြစ်သလို မထင်မှတ်ဘဲ အောင်မြင်မှုရနိုင်တဲ့ အသင်းတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ ပရိသတ်တွေကော ဘယ်အသင်း အားပေးမှာလဲ။ ကြိုရွေးထားဦးနော်.. ကမ္ဘာ့ဖလားက ဇွန်လ(၁၄)ရက်နေ့မှာ စတင်တော့မှာ ဆိုတော့ …..

SHARE