အမေရိကန်စုံတွဲတစ်တွဲဟာ လက်ထပ်လက်စွပ်တောင်ဝယ်ဖို့မတတ်နိုင်ဘဲချို့တဲ့ခဲ့ပါတယ်။ ဒါကြောင့် ဇနီးသည်ဖြစ်သူဟာ ဒေါ်လာ၂၀တန်လက်စွပ်ကိုပဲ လက်ထပ်လက်စွပ်အဖြစ် ၂၀၀၇ ခုနှစ်ကတည်းက ဝတ်ဆင်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ သူတို့ဘဝဟာ ပိုမိုကောင်းမွန်လာပြီဖြစ်တဲ့အတွက် သူမဟာ တန်ဖိုးကြီး လက်စွပ်လေးတစ်ကွင်းပိုင်ဆိုင်ခဲ့ပြီဖြစ်တာကို rachfeed သတင်းကနေ အခုလိုသိရပါတယ်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဆာဗန်းနားမြို့မှာ ခရစ္စတိုဖာစမစ်နဲ့ ကန်းဒေ့စ်အမည်ရတဲ့ ဇနီးမောင်နှံတို့ရှိပါတယ်။ ကန်းဒေ့စ်မှာ အရင်ကတော့ ရွှေနဲ့လုပ်ထားတဲ့ လက်ထပ်လက်စွပ်တစ်ကွင်းရှိပါတယ်။ ဒါပေမဲ့ သူမကိုယ်ဝန်ရလို့ ပေါင်လည်းတက်လာရော လက်စွပ်ကို မဝတ်နိုင်ဘဲဖြစ်ပြီး ဆွဲသီးအနေနဲ့ လည်ပင်းမှာသာဆွဲထားခဲ့ရတာပါ။
ကန်းဒေ့စ်က လက်ထပ်လက်စွပ်ကို ဆွဲသီးလုပ်ရတာ သဘောမကျဘဲ သူမနဲ့တော်မယ့် သီးသန့်လက်ထပ်လက်စွပ်လေး ထပ်လိုချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးက အဆင်မပြေတော့ အရမ်းလိုချင်နေတဲ့လက်စွပ် မဝယ်နိုင်ခဲ့သေးပါဘူး။ ဒါနဲ့ သူမကိုယ်သူ နှစ်သိမ့်တဲ့အနေနဲ့ ကန်းဒေ့စ်ဟာ ဒေါ်လာ၂၀တန်တဲ့ လက်စွပ်အတုတစ်ကွင်းကို ကိုယ်တိုင်ပဲဝယ်ဝတ်ခဲ့ပါတယ်။

လက်ထပ်လက်စွပ်ကဈေးပေါပေမယ့် ကန်းဒေ့စ်ဟာ ရောင့်ရဲတတ်သူအမျိုးသမီးဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ ကလေး၅ယောက်ရှိပြီး သာယာတဲ့အိမ်ထောင်ရေးရှိပါတယ်။ နှစ်အတော်ကြာပြီးနောက်မှာတော့ ခရစ္စတိုဖာဟာ ကန်းဒေ့စ်ကို အဖိုးတန်လက်ထပ်လက်စွပ်တစ်ကွင်းဝယ်ပေးနိုင်မယ့် ငွေအပိုအလျှံရှိခဲ့ပါပြီ။ “သူနဲ့ ထိုက်တန်ပါတယ်။ နောက်ဆုံးတော့ သူ့မှာလက်စွပ်ရပြီပေါ့။” လို့ ခရစ္စတိုဖာက ရေးသားခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ စိတ်ကြည်နူးစရာပို့စ်လေးဟာ အွန်လိုင်းပေါ်ပြန့်နှံ့သွားခဲ့ပါတယ်။ Norinzo Haynes အမည်ရတဲ့ လူတစ်ယောက်ကတော့ “ကျွန်တော် ဒီပို့စ်ကိုမြင်လိုက်တာ တကယ်ဝမ်းသာတယ်။ ဒီအမျိုးသမီးက ဒေါ်လာ၂၀တန် လက်စွပ်လေးကိုပဲဝတ်ထားခဲ့တယ်။ အမျိုးသားကလည်း သူ့ဇနီးကို လက်စွပ်ဝယ်ပေးနိုင်တဲ့အထိ သူတို့ရဲ့အိမ်ထောင်ရေးဟာ ခိုင်မြဲတယ်။ စိတ်ချမ်းသာစရာပါ။” လို့ ရေးသားခဲ့ပါသေးတယ်။
ShweMom