ဖလော်ရီဒါပြည်နယ်နေ အမျိုးသမီးတစ်ဦးဟာ ကြမ်းကြုတ်ရက်စက်တဲ့ ရည်းစားအမျိုးသားလက်အောက်ကနေ လွတ်မြောက်ဖို့ စိတ်တည်ငြိမ်စွာထားပြီး ကြိုးစားခဲ့ရပါတယ်။ သူမဟာ တိရစ္ဆာန်ဆေးကုခန်းက ၀န်ထမ်းကို သူမ အခြိမ်းခြောက်ခံနေရကြောင်း ရေးသားထားတဲ့ စာတိုကလေးတစ်ခုပေးပြီး အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးနာမည်ကတော့ ကယ်ရိုလင်းဆိုသူဖြစ်ပြီး သူမရဲ့ရည်းစားကတော့ ဂျယ်ရမီဆိုသူ အမျိုးသားပါ။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် မေလအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဂျယ်ရမီဟာ ကယ်ရိုလင်းကို ၄င်းတို့ရဲ့ နေအိမ်ထဲမှာ ပိတ်လှောင်ထားပြီး (၂) ရက်တာလုံးလုံး သူမကို ရိုက်နှက်ညှင်းဆဲတာ၊ သေနတ်နဲ့ ရွယ်ပြီး ခြိမ်းခြောက်တာတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်မှာ ကယ်ရိုလင်းဟာ အပြင်ထွက်လို့ ရအောင် အိမ်မွေးခွေးကို တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားပြဖို့ လိုတယ်ဆိုပြီး ဂျယ်ရမီကို ဥာဏ်ဆင်ခဲ့ပါတယ်။

ဂျယ်ရမီဟာ သဘောတူခဲ့ပေမယ့် တိရစ္ဆာန်ဆရာဝန်ဆီကို သူပါအတူလိုက်ခဲ့မယ်ဆိုပြီး သူမကို သေနတ်နဲ့ ချိန်ရွယ်ကာ ပြောဆိုခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးမှာလည်း ထွက်ပြေးရင် သူမနဲ့တကွ သူမမိသားစုဝင်တွေပါ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ DeLand Animal Hospital ရောက်လာတဲ့အခါမှာတော့ ကယ်ရိုလင်းဟာ တိရစ္ဆာန် ဆေးရုံမှာ တွေ့ရတဲ့ ၀န်ထမ်းတစ်ဦးကို သူမလက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကို ဂျယ်ရမီအလစ်မှာ ကမ်းပေးခဲ့ပါတယ်။
စာထဲမှာတော့ “ရဲခေါ်ပေးပါ။ ကျွန်မရည်းစားက ကျွန်မကို ခြိမ်းခြောက်နေပါတယ်။ သူ့မှာ သေနတ်ပါတယ်။ သူ့ကို အသိမပေးပါနဲ့နော်။” လို့ ရေးသားထားပါတယ်။ ဆေးရုံအမှုထမ်းတွေက ကယ်ရိုလင်းရဲ့ စာရပြီးနောက်မှာ တိတ်တဆိတ်ပဲ ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။ ဆေးရုံအမှုထမ်းတွေဟာ သူတို့နှစ်ဦးနဲ့ ခွေးကို အခန်းတစ်ခန်းထဲ သွားခိုင်းလိုက်ပြီး ဆရာဝန်ကို စောင့်ခိုင်းထားပါတယ်။

မကြာခင် ရဲတွေရောက်လာတဲ့အခါမှာတော့ ဂျယ်ရမီကို ရှာဖွေစစ်ဆေးပြီး ခါးကြားထိုးထားတဲ့ သေနတ်ကိုပါ တွေ့ရှိကာ လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ ကယ်ရိုလင်းကတော့ ဂျယ်ရမီက နှိပ်စက်လို့ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာ၊ မျက်ကွင်းတွေ အညိုအမဲစွဲအောင် ထိုးကြိတ်ခံရတဲ့ ဒဏ်တွေနဲ့ လက်မောင်းမှာရရှိထားတဲ့ ဒဏ်ရာတွေကို ကုသဖို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဂျယ်ရမီကိုတော့ အိမ်တွင်းအကြမ်းဖက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ တစ်ဖက်သားကို ညှင်းပန်းနှိပ်စက်မှုစတဲ့ စွဲချက်တွေနဲ့ အတူ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကယ်ရိုလင်းရဲ့ အဖြစ်ဟာ အမျိုးသမီးတွေအနေနဲ့ အခုလို ကိစ္စမျိုးကြုံလာတဲ့အခါ ခေါင်းအေးအေးထားပြီး ဥာဏ်သုံးဖြေရှင်းကြဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြနေပါတော့တယ်။
A shaking woman secretly slips a handwritten note to a veterinarian – the vet realizes she has to act immediately…
Posted by Crazy Baby on Thursday, September 27, 2018
လင်းလင်း (ShweMom)
Ref: nypost