အိပ်စက်ပုံအနေအထားမမှန်တာကြောင့် အာရုံကြောထိခိုက်ခဲ့ရတဲ့အမျိုးသမီး

စာဖတ်သူတွေအနေနဲ့ တစ်ခါတစ်လေအချိန်အကြာကြီးမှေးလိုက်ပြီးမှ နိုးလာတဲ့အခါ ခန္ဓာကိုယ်တစ်နေရာက ထုံကျင်နေတာမျိုးတွေဖြစ်တတ်ပါလိမ့်မယ်။ ဒါဟာ အိပ်စက်ပုံအနေအထားတစ်မျိုးတည်းနဲ့ အချိန်အတော်ကြာအောင်အိပ်စက်ခဲ့လို့ဖြစ်ပါတယ်။

ဒါပေမယ့် လူတော်တော်များများရဲ့ ထုံကျင်တဲ့ဝေဒနာဟာ ခဏကြာရင်ပျောက်သွားတတ်ကြပေမယ့် တရုတ်အမျိုးသမီးတစ်ဦးကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ ထိုအမျိုးသမီးက နေ့လည်ထမင်းစားခဏနားချိန်တွေမှာ ပုံမှာတွေ့ရတဲ့ အိပ်စက်ပုံအနေအထားနဲ့ လပေါင်းများစွာကြာအောင် အိပ်စက်ခဲ့တာကြောင့် အာရုံကြောတွေပျက်စီးသွားခဲ့ရပါတယ်။

အမျိုးသမီးအမည်က ကျန်း လို့သိရပြီး အသက်(၂၈) နှစ်ရှိပါပြီ။ ကျန်းက နေ့လည်စာထမင်းစားနားချိန်တစ်နာရီအတွင်းမှာ သူမရဲ့ရုံးခန်းစားပွဲခုံမှာအမြဲတစ်မှေးအိပ်လေ့ရှိပါတယ်။ တစ်ခါတစ်လေဆို အိပ်တာတစ်နာရီိကျော်တောင်ကြာပြီး သူမရဲ့ လက်ကနာကျင်ပြီးထုံနေတဲ့အခါကျမှ နိုးလာလေ့ရှိပါတယ်။ သာမန်လူဆိုခဏကြာရင် ထုံကျင်တဲ့ဝေဒနာကပျောက်သွားပေမယ့် ကျန်းက သူမလက်ဟာ နာကျင်မြဲနာကျင်နေတာကို သတိပြုမိခဲ့ပါတယ်။

သူမက ပစ္စည်းတွေကိုကောက်ယူတဲ့အခါမျိုးတွေမှာလည်း အဆင်မပြေဖြစ်လာတာကြောင့် ဆရာဝန်ဆီသွားပြခဲ့ပါတယ်။ ဆရာဝန်ကသူမရဲ့ ဘယ်လက်ကိုစစ်ဆေးကြည့်ပြီးတဲ့အခါမှာတော့ ကျန်းဟာ အိပ်စက်ပုံအနေအထားမမှန်တာကြောင့် ဘယ်လက်မှာ radial nerves လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်စီးသွားကြောင်းပြောပြခဲ့ပါတယ်။

READ
လူတိုင်းသိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အရေပြားကင်ဆာအန္တရာယ်အကြောင်း

Radial nerves အကြောတွေဟာ လက်ကောက်ဝတ်နဲ့လက်ချောင်းတွေရဲ့လှုပ်ရှားမှုကိုထိန်းချုပ်ပေးပါတယ်။ သူတို့ကိုအချိန်ကြာမြင့်စွာဖိအိပ်ထားတာကြောင့်အာရုံကြောတွေယောင်လာပြီး လက်ချောင်းတွေထုံကျင်တာနဲ့ လက်ကောက်ဝတ်အားနည်းတာတွေဖြစ်လာတတ်ပါတယ်။ အာရုံကြောတွေပျက်စီးတာကို ချက်ခြင်းသိနိုင်ရင် ပြုပြင်နိုင်ပေမယ့် ကျန်းကတော့အခြေအနေတော်တော်ဆိုးဝါးခဲ့တဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ်လို့သိရပါတယ်။

ကျန်းမာရေးကျွမ်းကျင်သူတွေပြောပုံအရ ဆက်တိုက်လက်ကိုဖိထားပြီး အိပ်တဲ့အခါ မျက်လုံးထိခိုက်ခြင်း၊ အစာချေစနစ်ရှုပ်ထွေးစေခြင်းနဲ့ ဦးနှောက်ထဲကို သွေးစီးဆင်းမှုအဟန့်အတားတွေဖြစ်စေကြောင်း သိရပါတယ်။ ဒါကြောင့် ကျန်းရဲ့ အဖြစ်ကိုနမူနာယူပြီး စာဖတ်သူတွေလည်း ကိုယ်အိပ်စက်တဲ့အနေအထားကို ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။

လင်းလင်း (ShweMom)

Ref: insidereaders

SHARE