အနုပညာရှင် မာရီယန်း အီရစ်ခ်ဆန်စကော့တ် ဟန်ဆန်ဆိုသူဟာ တစ်ရှူးစက္ကူတွေနဲ့ အသေးစိတ်ပြီး ကြီးမားတဲ့ပန်းပွင့်ပန်းစည်းတွေကို ဖန်တီးရာမှာ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။ သူမရဲ့ထူးခြားပြောင်မြောက်လှတဲ့ ဖန်တီးမှုတွေအတွက် ပါးလွှာတဲ့ တစ်ရှူးစက္ကူချပ်လေးတွေ ထောင်နဲ့ချီအသုံးပြုထားတယ်လို့ boredpanda သတင်းအရ သိရပါတယ်။


မာရီယန်းက လူဟာ အလှအပနဲ့မကင်းနိုင်တာကို နားလည်သူဖြစ်တဲ့အလျှောက် သူမရဲ့ အနုပညာနဲ့ အလှတရားကို အသက်ဝင်အောင် ပြုလုပ်ခဲ့သူပါ။ “ရှင်တို့ရဲ့အစာအိမ်ထဲကို အစာထည့်ဖို့ လိုအပ်သလို၊ ခန္ဓာကိုယ်အတွက် အ၀တ်လိုသလိုပဲ လူတွေမှာလည်း အလှအပဆိုတာ လိုအပ်ပါတယ်။ ကျွန်မစိတ်ထဲက အလှအပနည်းနည်းလေးကို ခုတော့ အပြင်ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့တာပါ…” လို့ သူမက ဆိုပါတယ်။


မာရီယန်းဟာ စက္ကူပန်းပွင့်ချပ်ကြီးတွေကို ဖန်တီးလာတာ (၅) နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ဒီအချိန်အတွင်းမှာ သူမရဲ့ စွဲမက်စရာကောင်းတဲ့ ပန်းပွင့်ကြီးတွေကို ကိုပင်ဟေဂင်မှာရှိတဲ့ တော်ဝင်ခန်းမဆောင်မှာ အသုံးပြုထားတာကို တွေ့ရပါတယ်။ သူဟာ အခြားဒီဇိုင်းနာတွေနဲ့အတူ လက်တွဲပြီးတော့လည်း စက္ကူပန်းပွင့်ကြီးတွေအတွက် ပြပွဲတွေ ပြုလုပ်ကျင်းပခဲ့ပါသေးတယ်။


စက္ကူပန်းပွင့်ကြီးတွေကို ဖန်တီးတဲ့အခါ လက်ထဲရှိတဲ့ပစ္စည်းနဲ့ပဲ ကိုယ်လိုချင်တဲ့ပုံပေါ်အောင်ဖန်တီးရတာကို မာရီယန်းက နှစ်ခြိုက်ပါတယ်။ တစ်ခါတစ်လေ ဒီဇိုင်းတွေက ခက်နေလို့ဆိုပြီး အသင့်ရှိနေပြီးသား တစ်ရှူးစက္ကူအရောင်တွေကိုလည်း သူမက အသုံးမပြုပါဘူး။ ပုံမှန်ဆို တစ်ရှူးစက္ကူတွေဟာ ပါးလွှာပြီး နုနယ်ပေမယ့် မာရီယန်းရဲ့ ပန်းပွင့်ကြီးတွေကတော့ တာရှည်ခံသလို အလွယ်တကူလည်း မပျက်စီးနိုင်ဘူးလို့ သိရပါတယ်။


“ပန်းပွင့်တွေက အောက်ကိုပြုတ်ကျမယ်ဆိုရင်တောင် မပျက်စီးပါဘူး။ ဘာကြောင့်လည်းဆိုတော့ စက္ကူအလွှာတွေက အချင်းချင်း ကျားကန်ပေးထားတယ်လေ။ ဆိုလိုတာက ကျွန်မ ပန်းပွင့်တွေကို ဖန်တီးတဲ့အခါ အားနည်းပျော့ပြောင်းတဲ့အရာဝတ္ထုတစ်ခုကို အားရှိတဲ့အရာဝတ္ထုတစ်ခုအဖြစ် အသွင်ပြောင်းလိုက်တာပါပဲ။ ဘယ်သူကမှ တန်ဖိုးရှိလာလိမ့်မယ်လို့ မစဉ်းစားမိတဲ့အရာကိုပေါ့..” လို့လည်း မာရီယန်းက ရှင်းပြခဲ့ပါသေးတယ်။
လင်းလင်း (ShweMom)